တရုတ်တွင် COVID-19 တိုက်ဖျက်ရေး စည်းမျဥ်းများ မလိုက်နာသည့် အမျိုးသမီး (၂) ဦးကို ကြိုးဖြင့် တုပ်နှောင်ထားခဲ့

Photo: WhatsOnWeibo
Photo: WhatsOnWeibo
တရုတ်တွင် COVID-19 တိုက်ဖျက်ရေး စည်းမျဥ်းများ မလိုက်နာသည့် အမျိုးသမီး (၂) ဦးကို ကြိုးဖြင့် တုပ်နှောင်ထားခဲ့
နိုဝင်ဘာ 21, 2022 | နိုင်ငံတကာသတင်း| Covid-19
By Mr John

 တရုတ်နိုင်ငံ Gunagzhou မြို့တွင် COVID-19 စည်းမျဥ်းများကို မလိုက်နာမှုကြောင့် အမျိုးသမီး (၂) ဦးကို ကြိုးဖြင့်တုပ်နှောင်ထားသည့် ဖြစ်ရပ်မှာ တရုတ်ဆိုရှယ်မီဒီယာပေါ်တွင် လူပြောများခဲ့သည်။ 

ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့ခဲ့သည့် ဗီဒီယိုတစ်ခုအရ အမျိုးသမီး (၂) ဦး၏ လက်နှင့်ခြေထောက်များကို ကြိုးဖြင့်တုပ်ပြီး မြေကြီးပေါ်ထိုင်ခိုင်းထားသည်ကို တွေ့ရသည်။

ထိုဖြစ်ရပ်မှာ Guangzhou မြို့ Haizhu ခရိုင်တွင် နိုဝင်ဘာလ (၁၇) ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့၏ COVID-19 ကူးစက်မှုအများစုကို ထိုခရိုင်အတွင်း တွေ့ရှိထားသည်။ 

လူဦးရေ (၁၉) သန်းနီးပါးရှိသည့် Guangzhou မြို့တွင် အောက်တိုဘာလ (၂၉) ရက်နေ့ကတည်းက COVID-19 ကူးစက်မှုများ မြင့်တက်နေခဲ့ပြီး နိုဝင်ဘာလ (၁၇) ရက်နေ့အထိ ကူးစက်ခံရသူ (၁၀,၂၃၀) ဦး စစ်ဆေးတွေ့ရှိခဲ့သည်။

ကြိုးတုပ်ခံရသည့် အမျိုးသမီး (၂) ဦးလုံးမှာ အသက် (၂၃) နှစ်အရွယ်များဖြစ်ကြပြီး ဟေးလုံကျန်း ပြည်နယ်က ဖြစ်သည်။ 

၎င်းတို့က Guangzhou တွင် ထုတ်ပြန်ထားသည့် ရောဂါကူးစက်မှု ထိန်းချုပ်တိုက်ဖျက်ရေး အစီအမံများကို မလိုက်နာခဲ့ကြဟု ဆိုသည်။ 

ထိုအမျိုးသမီး (၂) ဦးထံတွင် မကြာသေးမီက စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း အထောက်အထားများ မရှိခဲ့ကြဘဲ မှာကြားထားသည့် အစားအသောက် လာရောက်ပို့ဆောင်မှုကို လက်ခံရယူရန် COVID-19 စစ်ဆေးရေးဂိတ်ရှိ ဝန်ထမ်းများကိုတွန်းပြီး ဖြတ်ကျော်ရန် ကြိုးပမ်းခဲ့ကြကြောင်း သိရသည်။

အမျိုးသမီး (၂) ဦးက ကပ်ရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများကို အသံကျယ်ကျယ်ဖြင့် လက်ညှိုးထိုး အော်ဟစ်ဆဲဆိုကာ တွန်းထုတ်နေခဲ့ပြီး တစ်ဦးမှာ mask တပ်မထားသည်ကိုလည်း ဗီဒီယိုတွင် တွေ့ရသည်။ 

အော်ကြီးဟစ်ကျယ်ဖြင့် အငြင်းအခုံဖြစ်မှု ပိုဆိုးလာရာ နောက်ဆုံးတွင် ကပ်ရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများက ထိုအမျိုးသမီး (၂) ဦးကို ဖမ်းချုပ်ပြီး လက်နှင့်ခြေထောက်များကို ကြိုးဖြင့်တုပ်ခဲ့ရာ mask တပ်မထားသည့် အမျိုးသမီးက ခြေထောက်ဖြင့် နောက်ပြန်ကန်ခဲ့သည်။

Guangzhou မြို့ ၏ ရဲတပ်ဖွဲ့က ထိုဖြစ်ရပ်နှင့် ပတ်သက်၍ နိုဝင်ဘာလ (၁၈) ရက်တွင် သတင်းထုတ်ပြန်ခဲ့ရာ အမျိုးသမီး (၂) ဦးလုံးတွင် အောက်တိုဘာလ (၃၀) ရက်နောက်ပိုင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း အထောက်အထားမရှိခဲ့ရာ ၎င်းတို့၏ ကျန်းမာရေးသတ်မှတ်ချက် မိုဘိုင်းအက်ပလီကေးရှင်းတွင် အဝါရောင်ကုဒ် (yellow code) ပြခဲ့ကြောင်း သိရသည်။

ထို့အပြင် ကန့်သတ်ထားသည့် ဧရိယာမှ ထွက်ခွာရန်ကြိုးပမ်းခြင်း၊ mask တပ်မထားခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရန် ငြင်းဆန်ခြင်းတို့ကြောင့် ထိုအမျိုးသမီး (၂) ဦးမှာ ကပ်ရောဂါတိုက်ဖျက်ရေး စည်းမျဥ်းများ ချိုးဖောက်မှုသာမက အများပြည်သူ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေမှု ကျူးလွန်ခဲ့ကြောင်း ပြောထားသည်။ 

အမျိုးသမီး (၂) ဦးကို အုပ်ချုပ်ရေးအဖွဲ့က ပြစ်ဒဏ်ချခဲ့ပြီး ၎င်းတို့နှင့် ကပ်ရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများကြား ကြေအေးခဲ့ကြသည်ဟု ဆိုသည်။

တရုတ်ဆိုရှယ်မီဒီယာဝက်ဘ်ဆိုက် Weibo တွင် ထိုဖြစ်ရပ်အကြောင်း hashtag လုပ်ထားသည့် ပို့စ်များကို နိုဝင်ဘာလ (၁၉) ရက်နေ့အထိ ကြည့်ရှုမှု အကြိမ်ရေ သန်း (၂၆၀) ကျော်ရှိခဲ့ကြောင်း သိရသည်။ 

တရုတ်ဆိုရှယ်မီဒီယာ အသုံးပြုသူများကြားတွင်လည်း ထိုဖြစ်ရပ်အပေါ် မတူကွဲပြားသည့် အမြင်သဘောထားများရှိခဲ့ကြသည်။ 

သက်ဆိုင်ရာ ကပ်ရောဂါတိုက်ဖျက်ရေး ဝန်ထမ်းများ၏ အာဏာပြမှုကြောင့်ဟု အပြစ်ပြောဆိုသူများရှိပြီး ထိုအမျိုးသမီး (၂) ဦးက မှားခဲ့လျှင်တောင်မှ ကြိုးဖြင့်မတုပ်သင့်ဟု ပြောကြသည်။

  

သို့သော် အခြား Weibo အသုံးပြုသူများကမူ အမျိုးသမီး (၂) ဦးက ရည်ရွယ်ချက်ရှိရှိ ပြဿနာဖန်တီးခြင်းဖြစ်ပြီး အလွန်ရန်လိုနေခဲ့သည်ဟု အပြစ်တင်ကြသည်။

 "mask မတပ်ထားဘူး။ ကပ်ရောဂါတိုက်ဖျက်ရေး ဝန်ထမ်းတွေကို စော်ကားပြောဆိုတယ်။ ဘာဖြစ်မယ်ထင်လဲ၊ သူတို့က သူတို့နဲ့ထိုက်တန်တာ ခံရတာပဲ" ဟု ပြောဆိုကြသည်။

တရုတ်အစိုးရက နိုင်ငံတွင် COVID-19 လုံးဝကင်းစင်‌ရေး Zero-COVID မူဝါဒကို ဆက်လက် စွဲကိုင်ထားပြီး တင်းကျပ်ပြင်းထန်သည့် ထိန်းချုပ်တိုက်ဖျက်ရေး အစီအမံများ လုပ်ဆောင်နေဆဲဖြစ်ရာ ဝေဖန်မှုများလည်း ရှိနေသည်။ 

ကူးစက်မှုအနည်းငယ် တွေ့ရသည်နှင့် သက်ဆိုင်ရာနေရာတွင် လူအစုလိုက်အပြုံလိုက် COVID-19 စစ်ဆေးခြင်း၊ ရုတ်တရက် lockdown လုပ်ခြင်းတို့ကြောင့် အဆင်မပြေမှုများ ကြုံကြရသည်။ 

ထို့အပြင် ကပ်ရောဂါ စည်းမျဥ်းကန့်သတ်ချက်များကြောင့် အရေးပေါ် ကျန်းမာရေးအခြေအနေ ဖြစ်ပေါ်စဥ် အချိန်မီ ဆေးကုသခွင့်မရဘဲ အနည်ဆုံး ကလေးငယ် (၂) ဦး သေဆုံးခဲ့မှုအပေါ် အများပြည်သူ ဒေါသထွက်ခဲ့ကြသည်။

Source: WhatsOnWeibo