ဂျာဗားကျွန်းပေါရှိ မီးတောင်ပေါက်ကွဲမှု စိုးရိမ်ရသည့် အခြေအနေ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထား

ဂျာဗားကျွန်းပေါရှိ မီးတောင်ပေါက်ကွဲမှု စိုးရိမ်ရသည့် အခြေအနေ အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထား
ဒီဇင်ဘာ 4, 2022 | နိုင်ငံတကာသတင်း
By Mr John

 အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းပေါ်ရှိ ဆီမီရူ (Semeru) မီးတောင်ပေါက်ကွဲမှု သတိပေးချက်ကို အာဏာပိုင်များက ဒီဇင်ဘာလ (၄) ရက်နေ့တွင် အမြင့်ဆုံးအဆင့်အဖြစ် တိုးမြှင့်ထုတ်ပြန်လိုက်ပြီး မီးတောင်ပြာမှုန်များ လေထုထဲသို့ ထွက်ရှိနေကြောင်း သိရသည်။ 

အရှေ့ဂျာဗားပြည်နယ်အတွင်းရှိ မီးတောင်အနီး နေထိုင်ကြသည့် ကလေးများနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံများကို စတင်ရွှေ့ပြောင်းနေသည်။

လက်ရှိ အချိန်အထိ မီးတောင်အနီးရှိ ဒေသခံ (၉၃) ဦးကို ခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း အင်ဒိုနီးရှား ဘေးအန္တရာယ်ဆိုင်ရာဌာန BNPB က ဒီဇင်ဘာလ (၄) ရက် ညနေပိုင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အင်ဒိုနီးရှားမြို့တော် ဂျကာမြို့၏ အရှေ့ဘက် (၃၉၇) မိုင်ကျော်အကွာ ဂျာဗားကျွန်း အရှေ့ပိုင်းရှိ ဆီမီရူမီးတောင်မှာ ကျွန်း၏အနောက်ပိုင်းတွင် ငလျင်လှုပ်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် ပေါက်ကွဲလာခဲ့ခြင်းလည်း ဖြစ်သည်။

ဂျာဗားကျွန်း အနောက်ပိုင်းတွင် နိုဝင်ဘာလအတွင်းက လှုပ်ခတ်ခဲ့သော ငလျင်တစ်ခုကြောင့် လူ (၃၀၀) ကျော် သေဆုံးခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံ မီးတောင်နှင့် ငလျင်ဆိုင်ရာဌာန Center for Volcanology and Geological Hazard Mitigation (PVMBG) က ဆီမီရူမီးတောင် ပေါက်ကွဲမှု သတိပေးချက်ကို အဆင့် (၃) မှ အဆင့်(၄) သို့ အမြင့်ဆုံး တိုးမြှင့်ထုတ်ပြန်လိုက်ကြောင်း အဆိုပါဌာန၏ အကြီးအကဲက ပြောသည်။

အဆင့် (၄) သတိပေးချက်မှာ မီးတောင်အနီး နေထိုင်ကြသည့် ဒေသခံများ အန္တရာယ်ရှိကြောင်းနှင့် မီးတောင်၏ လှုပ်ရှားမှု မြင့်တက်လာကြောင်း ဆိုလိုသည်ဟု PVMBG အကြီးအကဲ Hendra Gunawan က Kompas TV သတင်းဌာနကို ရှင်းပြသည်။

 ယခုတစ်ကြိမ် ဆီမီရူမီးတောင် ပေါက်ကွဲမှုအခြေအနေမှာ ယခင် ၂၀၂၁ နှင့် ၂၀၂၁ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများနှင့် နှိုင်းယှဥ်ပါက ချော်ရည်ပူပမာဏ ပိုမိုကြီးမားများပြားနိုင်ကြောင်း PVMBG က တွေ့ရှိထားသည်ဟုလည်း ၎င်းကဆိုသည်။

"ဒါကြောင့် အခုတစ်ကြိမ် ပေါက်ကွဲမှုက ဆီမီရူမီးတောင်ရဲ့ ပြာပူတွေ၊ ဂက်စ်တွေနဲ့ ကျောက်တုံးကျောက်ခဲတွေ  ပိုဝေးတဲ့နေရာကို ရောက်ရှိနိုင်ပြီး အဲဒီအကွာအဝေးမှာ ဒေသခံအများအပြားရှိနေပါတယ်" Hendra Gunawan က ပြောသည်။ 

ဒေသခံများ အနေဖြင့် မီးတောင်ပတ်လည် (၅) မိုင်အတွင်း ဖြတ်သန်းသွားလာ နေထိုင်ခြင်းမပြုကြရန်နှင့် မီးတောင်မှပြာပူများက ပေါက်ကွဲမှုဗဟိုချက်နေရာမှ (၁၂) မိုင်အကွာအထိ ရောက်ရှိနိုင်ကြောင်း ၎င်းက သတိပေးသည်။

ဆီမီရူမီးတောင်မှာ ဒီဇင်ဘာလ (၄) ရက် ဒေသစံတော်ချိန် နံနက် (၂) နာရီ (၄၆) မိနစ်တွင် စတင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း BNPB က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် မီးတောင် (၁၄၂) လုံးရှိပြီး မီးတောင်အနီး လူဦးရေအများဆုံးနေထိုင်သည့် နိုင်ငံဖြစ်သည်။ အင်ဒိုနီးရှားတွင် မီးတောင်ပတ်လည် (၆) မိုင်ကျော်အတွင်း လူဦး‌ရေ (၈.၆) သန်းနေထိုင်ကြသည့် မီးတောင်တစ်လုံးလည်းရှိကြောင်း သိရသည်။

Source: CNA

Photo: Antara Foto/National Disasters Mitigation Agency (BNPB) via REUTERS