ဩစတြေးလျနိုင်ငံ ဆစ်ဒနီရှိ မူလတန်းကျောင်းတွင် သိပ္ပံစမ်းသပ်မှု အမှားအယွင်းဖြစ်ပြီး ကလေးများ ဒဏ်ရာရ

ဩစတြေးလျနိုင်ငံ ဆစ်ဒနီရှိ မူလတန်းကျောင်းတွင် သိပ္ပံစမ်းသပ်မှု အမှားအယွင်းဖြစ်ပြီး ကလေးများ ဒဏ်ရာရ
နိုဝင်ဘာ 22, 2022 | နိုင်ငံတကာသတင်း
By Mr John

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် စာသင်ခန်းအတွင်း သိပ္ပံစမ်းသပ်မှု မှားယွင်းသွားခဲ့ပြီးနောက် ကျောင်းသူကျောင်းသားများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဆစ်ဒနီမြို့ရှိ Manly West Public School မူလတန်းကျောင်းတွင် နိုဝင်ဘာလ (၂၁) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၁) နာရီဝန်းကျင်က သိပ္ပံစမ်းသပ်မှု မှားယွင်းသည့် မတော်တဆမှု ဖြစ်ပွားမှုကြောင့်  ပြင်းထန်သော လောင်ကျွမ်းဒဏ်ရာများရခဲ့သည့် ကျောင်းသူကျောင်းသား အနည်းဆုံး (၂) ဦးကို ဆေးရုံသို့ အရေးပေါ် လူနာတင်ကားဖြင့် အမြန်ပို့ဆောင်ခဲ့ရကြောင်း သတင်းများက ဖော်ပြသည်။

အခြား ကျောင်းသူကျောင်းသား (၉) ဦးလည်း မပြင်းထန်သော လောင်ကျွမ်းဒဏ်ရာများရခဲ့ကြသည်။ 

ကနဦး သတင်းများအရ သိပ္ပံစမ်းသပ်မှုတွင် ဆိုဒီယမ်ဘိုင်ကာဗွန်နိတ် (sodium bicarbonate) နှင့် အရက်ပြန် (methylated spirits) တို့ ပါဝင်ခဲ့ကြောင်း 9News က ဖော်ပြသည်။ 

အခင်းဖြစ်ပွားသည့် မူလတန်းကျောင်းတွင် ရဟတ်ယာဥ်များ၊ ဆေးဘက်ဝန်ထမ်းများနှင့် မီးသတ်ကားများကို တွေ့ရသည်။

 New South Wales အရေးပေါ်ဌာနမှ တာဝန်ရှိသူ Phil Templemen ၏ အဆိုအရ လေတိုက်ရာက သိပ္ပံစမ်းသပ်မှုကို သက်ရောက်မှုဖြစ်ပြီး အသုံးပြုခဲ့သည့် ဓာတုဗေဒပစ္စည်းအချို့ လွင့်စင်ထွက်ခဲ့ကြောင်း သိရသည်။

အသက် (၁၀) နှစ်မှ (၁၁) နှစ်ကြားဖြစ်သည်ဟု ယူဆရသော ကလေးများမှာ မျက်နှာ၊ ရင်ဘတ်၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် ခြေထောက် အပါအဝင် ၎င်းတို့၏ ခန္ဓာကိုယ်တွင် လောင်ကျွမ်းဒဏ်ရာများရခဲ့ကြကြောင်း Sydney Morning Herald (SMH) သတင်းဌာနက ပြောသည်။ 

ထိုဖြစ်ရပ်အတွင်း ကျောင်းဆရာမတစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရခဲ့သည်။

လူသိများသော စာသင်ကျောင်း သိပ္ပံစမ်းသပ်မှုတစ်ခုမှာ အွန်လိုင်းတွင် တွေ့နိုင်သော Carbon Sugar Snake ခေါ် စမ်းသပ်မှုဖြစ်ပြီး methylated spirits နှင့် sodium bicarbonate ဟုလည်း သိထားကြသည့် မုန့်ဖုတ်ဆော်ဒါ (baking soda) တို့ကို အသုံးပြုရသည်။ 

သို့သော် ဆစ်ဒနီမြို့ရှိ မူလတန်းကျောင်းတွင်မူ မည်သည့် သိပ္ပံစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ကြောင်း အတိအကျ မသိရသေးပေ။

Source: BBC

Photo: BBC/ISABELLE RODD, NINE