မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး တစ်ဦး ပစ်ခတ် ရှင်းလင်းခံရပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီယာဉ်ကို မိုင်းဆွဲ တိုက်ခိုက်

မင်းတုန်းမြို့နယ်အတွင်း စစ်ကောင်စီသတင်းပေး တစ်ဦး ပစ်ခတ် ရှင်းလင်းခံရပြီးနောက် ရောက်ရှိလာသည့် စစ်ကောင်စီယာဉ်ကို မိုင်းဆွဲ တိုက်ခိုက်

 မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ လက်ပွကျေးရွာတွင်မှ စစ်ကောင်စီ သတင်းပေးတစ်ဦး ပစ်သတ်ခံရသဖြင့် စစ်ဆေးရန်လာသော စစ်ကောင်စီယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း EAGLE FORCE က ယနေ့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

လက်ပွရွာမှ စစ်ကောင်စီသတင်းပေး ဦးစိုးငြိမ်း ဆိုသူကို ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၁၅)ရက်နေ့၏ နံနက်ပိုင်းက ပစ်ခတ်ရှင်းလင်းခံရပြီးနောက် လက်ပွရွာသို့ စစ်ဆေးရန်လာသော စစ်ကောင်စီတပ်သားနှင့် ရဲများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မူကြောင့် စစ်ကောင်စီတပ်သားများနှင့် ရဲများစီးနင်းလာသော ကားပျက်စီးသွားပြီး ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ သတင်းပေး ဦးစိုးငြိမ်း၏ သတင်းပေးချက်ကြောင့် ပြီးခဲ့သည့် ဩဂုတ်လ(၂၉)ရက်နေ့က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို စစ်ကောင်စီ လက်အောက်ခံတပ်များက အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့ရာ PDF တပ်ဖွဲ့ဝင် (၂)ဦး  ကျဆုံးခဲ့ရကာ လက်ပွကျေးရွာ  နှင့် မှိုက်ကျေးရွာမှ ဒေသခံ(၄၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး တစ်ဦးမှာ ပစ်သတ်ခံရကြောင်း သိရသည်။

သရက်၊ ကံမ၊ မင်းတုန်းပူးပေါင်း ပကဖ (EAGLE FORCE) တပ်ဖွဲ့သည် ဒီဇင်ဘာလ(၁၂)ရက်နေ့ကလည်း သရက်မြို့ တောင်ဘက် မြို့ဝင်ဂိတ်အနီးရှိ သရက် ကပစ(၁၂)သို့ သွယ်တန်းထားသော လျှပ်စစ်မီးလိုင်းမှ တာဝါတိုင်အား အဝေးထိန်းမိုင်း (၁)လုံးဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သေးသည်။

#TachileikNewsAgency