ရှမ်းမြောက်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုနှင့် တပ်စခန်းနှစ်ခုကို မဟာမိတ်တပ်များ သိမ်းပိုက်

ရှမ်းမြောက်ရှိ စစ်ဆေးရေးဂိတ်နှစ်ခုနှင့် တပ်စခန်းနှစ်ခုကို မဟာမိတ်တပ်များ သိမ်းပိုက်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ခရိုင်၊ ရှောက်ကိုင်ရွာအုပ်စုလမ်းခွဲရှိ စစ်ကောင်စီတပ်ဖွဲ့၏ ရန်ချန်တောင်ကုန်းစခန်း၊ ရှောက်ကိုင်စစ်ဆေးရေးဂိတ်၊ သိန္နီရေပူဂိတ်စခန်းနှင့် ဟွာရှိပန်တပ်စခန်းတို့ကို မဟာမိတ်တပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း MNDAAထံမှ သိရသည်။

MNDAA တပ်သည် ရှောက်ကိုင်စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် မော်ထိုက်ရန်ချန်တောင်ကုန်း စစ်ကောင်စီစခန်းကို သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ စက်သေနက်(၁)လက်၊ ၆၀ မမ စိန်ပြောင်(၁)ခု၊ ဗုံးသီး၊ ကျည်ဆံ၊ လက်ပစ်ဗုံး စသည့် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် နိုဝင်ဘာလ (၁၁)ရက်နေ့ ညပိုင်းတွင် သိန္နီရေပူဂိတ်ရှိ စစ်ကောင်စီတပ်စခန်းကို အမြောက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ နိုဝင်ဘာလ (၁၂)ရက်နေ့တွင် စခန်းအား သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ (၁၄)ရက်နေ့တွင် ရှိးရှမ်း‌ဒေသ၊ ဟွာရှိပန်ရွာအနီးရှိ စစ်ကောင်စီ၏ တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ခြေလျင်တပ်ဖွဲ့ဖြင့် ထိုးစစ်ဆက်တိုက်ခိုက်ကာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မဟာမိတ်တပ်များသည် ရှမ်းမြောက်ရှိ စစ်ကောင်စီ၏ တပ်စခန်း အကြီး၊ အသေး စုစုပေါင်း(၁၄၄)ခုကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်‌ကြောင်း သိရသည်။

#TachileikNewsAgency

Photo : The Kokang