ကျိုက်ထီးရိုးတောင်ခြေတွင် စစ်ကောင်စီတပ်သားများ အနီးကပ် ပစ်ခံရပြီးနောက် စစ်တောင်းမြစ်ရိုးတလျောက်ရှိ ကျေးရွာများကို ညမထွက်ရ အမိန့်ထုတ်

ကျိုက်ထီးရိုးတောင်ခြေတွင် စစ်ကောင်စီတပ်သားများ အနီးကပ် ပစ်ခံရပြီးနောက် စစ်တောင်းမြစ်ရိုးတလျောက်ရှိ ကျေးရွာများကို ညမထွက်ရ အမိန့်ထုတ်
အောက်တိုဘာ 14, 2022 | 2021 Military Coup| အခြားဒေသများ

 ကျိုက်ထီးရိုးတောင်ခြေတွင် စစ်ကောင်စီတပ်သားများ အနီးကပ် ပစ်ခံရပြီးနောက် ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ စစ်တောင်းမြစ်ရိုးတလျောက်ရှိ ကျေးရွာများကို အောက်တိုဘာလ (၁၃)ရက်နေ့ကစတင်ပြီး  ညမထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက စစ်တောင်းမြစ်ရိုးတလျောက်ရှိ ကျေးရွာများကို နံနက်(၆)နာရီကနေ  ည (၆)နာရီအထိ စက်လှေဖြင့် မြစ်ကမ်းတစ်ဖက်ရှိ မွန်ပြည်နယ်၊ ကျိုက်ထိုဘက်သို့ ကူးခွင့်ပါ ပိတ်ပင်လိုက်ကြောင်း သိရသည်။

အောက်တိုဘာ (၁၂)ရက်နေ့က ကျိုက်ထီးရိုးဘုရား တောင်တက်ဂိတ်တွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်သားများ အနီးကပ်ပစ် ခတ်ခံရပြီးနောက် ကျိုက်ထိုမြို့နယ်အတွင်း စစ်ဆင်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

ထို့နောက် အောက်တိုဘာလ (၁၃)ရက်နေ့၏ ညနေပိုင်းအချိန်မကစ၍ ပဲခူးတိုင်းဒေသကြီးအရှေ့ခြမ်း စစ်တောင်းမြစ်တစ်ဖက်ကမ်း ဝေါမြို့ နယ်ရှိ ကျေးရွာများကို ညမထွက်ရ အမိန့်ထုတ်ပြန်ကာ စက်လှေများဖြင့် ကင်းလှည့်စောင့်ကြပ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ဝေါမြို့နယ် စစ်တောင်းမြစ်အနီးရှိ သူရဲသမိန်ကျေးရွာ၊ မြစ်ကျိုးကျေးရွာ၊ စက်စုကျေးရွာ၊ ဒလနွမ်းကျေးရွာ၊ ဝိုင်းပတ်ကျေးရွာ၊ ဆင်ရွာ၊ လက်ပန်ကျေးရွာများကို ညမထွက်ရအမိန့် ထုတ် ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ကျိုက်ထီးရိုးဘုရားဖူးခွင့်ကို ရက်အကန့်အသတ်မရှိ  ပိတ်ထားကြောင်း သိရသည်။

အောက်တိုဘာလ (၁၂)ရက်နေ့က ကင်းမွန်စခန်းတောင်တက် ကားဂိတ်ရှိ စစ်ကောင်စီတပ်သားများ ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်သားများ၏ ပြန်လည်ရမ်းသမ်းပစ်ခတ်မှုကြောင့် ‌ရန်ကုန်မှ ဘုရားဖူးလာသူ အမျိုးသမီး (၃)ဦးသေဆုံးခဲ့ရကာ (၁၅)ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍လည်း အာဏာသိမ်းစစ်ကောင်စီတပ်က ထုံးစံအတိုင်း KNLA တပ်မဟာ(၁) နှင့် PDF တို့၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးရသည်ဟု သတင်းထုတ်ပြန်ထားသည့်အပြင် စစ်ကောင်စီကို အားပေးထောက်ခံသည့် မြန်မာ-အိန္ဒိယ အပြည်ပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များအစည်းအရုံး(ဗဟို)၊ ဘူးသီးတောင်မောင်တောဒေသဖွံဖြိုးရေးအသင်း၊ မြန်မာနိုင်ငံစာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင်ဂျာမေဗလီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေးရှင်း(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ မွန်ပြည်နယ်ဟိုတယ်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလမ်ဘာသာရေးအဖွဲ့ကြီး နှင့် မွန်ပြည်နယ်သံဃနာယကအဖွဲ့  စသည့် အသင်းအဖွဲ့များကလည်း လက်နက်ကိုင် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များကို ရည်ညွှန်းကာ အကြမ်းဖက်သမားလုပ်ရပ်အဖြစ် သုံးစွဲပြီး ရှုတ်ချကြောင်း ထုတ်ပြန်ချက်များကိုလည်း ယနေ့ အောက်တိုဘာလ(၁၄)ရက်နေ့အထိတွင် ဝါဒဖြန့် သတင်းစာများကနေ ဝေဝေဆာဆာ ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

ယခုလို ဖြစ်စဉ်များ ဖြစ်လာတိုင်းတွင် အာဏာသိမ်း စစ်ကောင်စီတပ်သည် ဘာသာရေးအသင်းအဖွဲ့များကို ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ချက်များ ထုတ်ပြန်ခိုင်းလေ့ရှိသည်ကို ယခင်ဖြစ်စဉ်များအရ သိရသည်။

#TachileikNewsAgency