ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှရရှိသည့် ကျပ်ငွေသန်းပေါင်း လေးသောင်းလေးထောင်ကျော်ကို စနစ်တကျ ထိန်းသိမ်းထားဟု NUGထုတ်ပြန်

ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များမှရရှိသည့် ကျပ်ငွေသန်းပေါင်း လေးသောင်းလေးထောင်ကျော်ကို စနစ်တကျ ထိန်းသိမ်းထားဟု NUGထုတ်ပြန်
နိုဝင်ဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များထံမှ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇)ကို  စနစ်တကျ လက်ခံသိမ်းဆည်းထားကြောင်း NUGက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

NUG ကြားကာလဗဟိုဘဏ်၏ လမ်းညွှန်ချက်အရ ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့သည် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များကို လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ထိန်းသိမ်းခဲ့ပြီး ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် ကျပ်ငွေသန်းပေါင်း (၄၄,၅၁၈.၂၉၇)ကို စနစ်တကျ လက်ခံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ကောလင်းခရိုင် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၏ တင်ပြချက်အရ အချို့သော ပုဂ္ဂလိကဘဏ်များတွင် လုံခြုံရေးစည်းကျိုးပေါက်၍ ဘဏ်ငွေတိုက်ခန်း (Vault)ကို ဖောက်ထွင်းဝင်ရောက်ရန် ကြံစည်အားထုတ်ထားသည့် အထောက်အထားများ တွေ့ရှိရပြီး အချိန်မီကာကွယ်တားဆီးနိုင်ခဲ့သောကြောင့် ပြည်သူလူထု၏ အပ်နှံငွေများ ဆုံးရှုံးခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ထားသည်။

ကြားကာလဗဟိုဘဏ်အနေဖြင့် ကောလင်းခရိုင်၊ ကောလင်းမြို့ရှိ ပုဂ္ဂလိကဘဏ်များ၏ ငွေသားလက်ကျန် လက်ခံသိမ်းဆည်းထားရှိမှုကို စာရင်းသွင်း မှတ်တမ်းတင်ထားရှိပြီး ပြည်သူလူထု၏ အပ်နှံငွေများ နစ်နာဆုံးရှုံးမှုမရှိစေရန် တာဝန်ခံလျက် ဥပဒေနှင့်အညီ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအဖြစ် သတ်မှတ်၍ စနစ်တကျ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency