တရုတ်ကူညီမှုဖြင့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်တွေ့ဆုံ၊ လောက်ကိုင်မှ စစ်ကောင်စီဝန်ထမ်းများ ထွက်ခွာနိုင်ရန် ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ဟု သတင်းထွက်

တရုတ်ကူညီမှုဖြင့် စစ်ကောင်စီသည် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်တွေ့ဆုံ၊ လောက်ကိုင်မှ စစ်ကောင်စီဝန်ထမ်းများ ထွက်ခွာနိုင်ရန် ဒီဇင်ဘာလကုန်အထိ အပစ်ရပ်ဟု သတင်းထွက်

တရုတ်အကူအညီဖြင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီသည် မြောက်ပိုင်းညီနောင်အဟာမိတ်(၃)ဖွဲ့ကို တရုတ်နိုင်ငံ ကူမင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA အဖွဲ့တို့မှ တာဝန်ရှိသူများနှင့် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီတို့ နိုင်ငံရေးအရ ဖြေရှင်းနိုင်ရန် တရုတ်အကူအညီဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဆိုပါဆွေးနွေးမှုအခြေ အနေအပေါ်မူတည်ပြီး ယခုဒီဇင်ဘာလကုန်တွင် ထပ်မံတွေ့ဆုံဆွေးနွေးသွားရန်ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်(၃)ဖွဲ့က ၁၀၂၇ စစ်ဆင်ရေး လုပ်‌ဆောင်နေရာ စစ်ကောင်စီတပ်စခန်းများစွာကို 

သိမ်းပိုက်ထားသည်။

အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ညီနောင်မဟာမိတ်တပ်များထံ Tachileik News Agencyက မေးမြန်းနေဆဲဖြစ်သည်။

တရုတ်၏ကြားဝင်မှုမှာ လောက်ကိုင်မြို့ရှိ ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများ ထွက်ခွာရန် ယနေ့မှစတင်၍ ဒီဇင်ဘာလကုန်အထိ MNDAA နှင့် ဆွေးနွေးခြင်းဖြစ်ပြီး TNLAနှင့် AA တပ်များ မပါဝင်ဟု ကနဦးသတင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ (၁၀)ရက်နေ့က မဟာမိတ်(၃)ဖွဲ့သည် မြန်မာပြည်သူတို့၏ ရည်မှန်းချက်သည် ၎င်းတို့၏ ရည်မှန်းချက်ဖြစ်ပြီး စစ်ကောင်စီအား ရရာနည်းလမ်း၊ ရရာလက်နက်ဖြင့် ရောက်ရှိသည့်နေရာမှ စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကြရန် တိုက်တွန်းထုတ်ပြန်ထားသည်။

ထို့အပြင် ညီနောင်မဟာမိတ် (၃)ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး၏ ဒုတိယအဆင့်ကို တစ်ရက်ပြီး တစ်ရက် ဆက်လက်အကောင်အထည်ဖော်လျက်ရှိပြီး ရည်မှန်းချက်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံး မျှော်မှန်းထားသော ရည်မှန်းချက်များကို မပြည့်ဝမချင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ မြန်မာပြည်သူတစ်ရပ်လုံး၏ လိုလားတောင့်တနေသော ရည်မှန်းချက်သည် မိမိတို့၏ ရည်မှန်းချက်ဖြစ်သည်ဟု ဆိုသည်။

၂၀၂၃ခုနှစ် ဇွန်လ (၁)ရက်နေ့ကလည်း တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်(၃)ဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီတို့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)၊ မိုင်းလားဒေသတွင် တွေ့ဆုံခဲ့ကြသည်။

ညီနောင်မဟာမိတ်(၃)ဖွဲ့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့တို့ပါဝင်သည်။

#TachileikNewsAgency