ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်

ကန်ပက်လက်တွင် စစ်ကောင်စီတပ်နှင့် CDF ပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်

ချင်းပြည်နယ် ကန်ပက်လက်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်နှင့် ပူးပေါင်းတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့ နံနက်ပိုင်းကစတင်ကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

"အခုချိန်ထိတိုက်ပွဲဖြစ်နေတာပါ။ သူတို့သွားမယ့် ကျင်ဒွေးကို မရောက်ကြသေးပါဘူး။ လမ်းတလျှောက် CDF Kanpetletနဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေက စောင့်ကြိုတိုက်ခိုက်တဲ့အတွက် ကြာမြင့်နေတာဖြစ်ပါတယ်။ နောက်ထပ် ၃ရက်လောက်တော့ ကြာဦးမှာပါ။"ဟု CDF Kanpetlet၏ Khonuတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇူလိုင်လ (၁၆)ရက်နေ့ကစတင်ကာ ကန်ပက်လက်ဒေသကို စစ်ကြောင်းထိုးဝင်ရောက်လာရာက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု သိရသည်။

ဇူလိုင်လ (၁၃)ရက်နေ့ကစတင်ကာ ကျောက်ထုအမြှောက်တပ်မှ အင်အား(၂၀၀)ဝန်းကျင်နှင့် လောင်းရှည်ဘက်သို့ရောက်ရှိနေသည့် အင်အား(၄၀၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ် စစ်ကြောင်း (၂)ကြောင်းသည် ကျင်ဒွေးဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်သည် ဇူလိုင်လ (၂၁)ရက်နေ့က မဆာတွီတောင်အနီး၌ တိုက်ပွဲဖြစ်ပြီး ညနေပိုင်းတွင် မောချောင်းရွာအနီး၌ ညအိပ်ခဲ့ကြကာ ဇူလိုင်လ (၂၃)ရက်နေ့တွင် မောချောင်းရွာအဝင်၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇူလိုင်လ (၁၆)ရက်နေ့တွင် ဆွဲလွဲကျင်းကျေးရွာအနီး၊ ဇူလိုင်လ (၁၈)ရက်နေ့တွင် ဆွဲလွဲကျင်းနှင့် မဆာတွီကျေးရွာအကြား

တိုက်ပွဲဖြစ်ကာ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် (၅)စီးဖြင့် အကြိမ်(၂၀)ထက်မနည်း မဆာတွီကျေးရွာသို့ ပစ်ခတ်ခဲ့ရာ BCM ဘုရားကျောင်း အပါအဝင် နေအိမ် (၇)လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် ဇူလိုင်လ (၁၉)ရက်နေ့တွင်လည်း မဆာတွီကျေးရွာအနီး၌ တိုက်ပွဲထပ်ဖြစ်ခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : CDF တပ်သားများ(ပုံဟောင်း)