ရေးမြို့နယ် အပြင်စခန်းကြီးရွာအနီးတွင် တိုက်ပွဲဖြစ်

ရေးမြို့နယ် အပြင်စခန်းကြီးရွာအနီးတွင် တိုက်ပွဲဖြစ်
အောက်တိုဘာ 23, 2023 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ်၊ ရေးမြို့နယ် အပြင်စခန်းကြီးရွာအနီးတွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၂)ရက်နေ့ နေ့လယ်ပိုင်းတွင် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်‌ဒေသထံမှ သိရသည်။

KNLA၊ PDF တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် အပြင်စခန်းကြီးရွာအနီးရှိ မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုလမ်းမကြီး၌ လုံခြုံရေးရယူစစ်ဆေးစဉ် စစ်ကောင်စီတပ်က လက်နက်ကြီး(၂)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပူးပေါင်းတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီးနောက် အပြင်စခန်းကြီးရွာအနီးရှိ ဘုရားကုန်းတွင် နယ်မြေလုံခြုံရေးရယူပြီး တပ်ဖြန့်စောင့်ဆိုင်းနေရာ စစ်ကောင်စီတပ်ဖွဲ့က အင်အား(၂၀)ဝန်းကျင်ဖြင့် ချဉ်းကပ်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်က ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ်(၈) ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသ စိုးမိုးရေးနှင့် ခရီးသွားပြည်သူများ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်များက လုံခြုံရေးရယူ စစ်ဆေးနေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo :ဒုစစ်ဒေသခွဲမှူးရုံး၊စစ်ဒေသခွဲအမှတ်-၃၊တောင်ပိုင်းတိုင်း၊ J.0.C