စစ်ရှောင် ၂၀၀ ကျော်ခိုလှုံနေသည့် နမ့်ခမ်းမြို့ရှိ ဇေယျသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ 

စစ်ရှောင် ၂၀၀ ကျော်ခိုလှုံနေသည့် နမ့်ခမ်းမြို့ရှိ ဇေယျသုခဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ 
ဒီဇင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ် နမ့်ခမ်းမြို့ ပေါက်တိုက်မရပ်ကွက်ရှိ စစ်ဘေးရှောင် (၂၆၀)ကျော် ခိုလှုံနေသော ဇေယျသုခဘုန်းတော်ကြီးကျောင်းဝန်းကို စစ်ကောင်စီတပ်က ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA ထံမှ သိရသည်။ 

ဇေယျသုခဘုန်းတော်ကြီးကျောင်းတွင် နမ့်ခမ်းမြိုနယ်တိုက်ပွဲဖြစ်ပြီးနောက် လာရောက်စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်ဦးရေ (၂၆၂)ဦးရှိကာ စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုရင်ငယ်တစ်ပါး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းတော်ကြီးကျောင်းဆောင်အများအပြား ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။ 

မူဆယ်မြို့နယ် အထက်တုန်ခန်ကျေးရွာနှင့် နမ့်ခုမ်ကျေးရွာအနီးကိုလည်း စစ်ကောင်စီတပ်က ယမန်နေ့က တိုက်လေယာဉ်ဖြင့် (၂)ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကောင်းရာကျေးရွာအနီးကိုလည်း Y12 လေယာဉ်ဖြင့် ဗုံး(၆)လုံး လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ 

လက်ရှိတွင် စစ်ကောင်စီတပ်နှင့် TNLAတပ်တို့ နမ့်ခမ်း၊ နမ့်ဆန်၊ မူဆယ်မြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေကြောင်း သိရသည်။

#TachileikNewsAgency

Photo:PSLF/TNLA News