အာဏာသိမ်းအဖွဲ့က ဆန့်ကျင်ဘက်အင်အားလျော့ရန် လူမျိုးရေးပဋိပက္ခအသွင်ဖန်တီးနေဟု AA စစ်ဦးစီးချုပ်၏ အစ်ကို ဗိုလ်မှူးထွန်းမင်းနိုင် သတိပေး

အာဏာသိမ်းအဖွဲ့က ဆန့်ကျင်ဘက်အင်အားလျော့ရန် လူမျိုးရေးပဋိပက္ခအသွင်ဖန်တီးနေဟု AA စစ်ဦးစီးချုပ်၏ အစ်ကို ဗိုလ်မှူးထွန်းမင်းနိုင် သတိပေး
By Tachileik News Agency

တစ်တိုင်းပြည်လုံးအနေအထားဖြင့် စစ်အာဏာရှင်တော်လှန်ရေးကို ရင်ဆိုင်နေရသည့် အာဏာသိမ်းအုပ်စုက လူမျိုးရေးအခြေခံသည့်စစ်ပွဲအသွင် ဖန်တီးရန်ကြိုးပမ်းနေသည်ကို သတိထားရှောင်ရှားကြရန် ရက္ခိုင့်တပ်တော် - AA စစ်ဦးချုပ်၏ အစ်ကိုဖြစ်ပြီး AA မှ ဗိုလ်မှူး ထွန်းမင်းနိုင် (ခ) အေးထွန်းက ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် သတိပေးရေးသားထားသည်ကို တွေ့ရသည်။

တစ်တိုင်းပြည်သားလုံးနှင့် စစ်ကောင်စီစစ်တိုက်နေရတော့ စစ်ကောင်စီက လူမျိုးရေအသွင်စစ်ပွဲအထာမျိုးဖြစ်စေချင်နေတာ။  လက်ရှိအခြေအနေမှန်က စစ်ကောင်စီကတစ်ဖက် တစ်နိုင်ငံလုံးကတစ်ဖက်ဆိုတော့ စစ်ပွဲအနေအထားက စစ်ကောင်စီ လိုချင်နေတဲ့ လူမျိုးရေးအခြေခံစစ်ပွဲအနေအထားမဟုတ်တော့ဘူး။ ဒါကြောင့် စစ်ကောင်စီကိုမလိုလားသူတွေအားလုံးညီကြစို့။ သူတို့ပုံသွင်းတဲ့ သူတို့အကြိုက် လူမျိုးရေးခေါင်းစဉ်တပ် ဖေ့စ်ဘုပ်ပေါ်အငြင်းပွါးမှုတွေကိုရှောင်ကြမယ်။ စစ်ကောင်စီ လော်ဘီတွေက ဗမာ—ရက္ခိုင်ခေါင်းစဉ်တပ် အငြင်းပွားအောင်ဖန်တီးလာနေပြီ

ဟု ၎င်း၏လူမှုကွန်ယက်စာမျက်နှာ ဖေ့စ်ဘုတ်မှတစ်ဆင့် အသိပေးရေးသားထားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် AA တို့ကြား တင်းမာမှုများရှိနေချိန်အတွင်း လူမှုရေးအခြေခံသည့် အငြင်းပွားဖွယ် အပြောအဆို၊ အရေးအသားများကို တွေ့လာရချိန်တွင် AA ဗိုလ်မှူးက ယင်းကဲ့သို့သတိပေးရေးသားလာခြင်းဖြစ်သည်ကို တွေ့ရသည်။

ဗိုလ်ချုပ် ထွန်းမင်းနိုင် (ခ) အေးထွန်းသည် ပြီးသည့်နှစ် မေလအတွင်းကလည်း ရခိုင်ပြည်နယ်တွင်း အာဏာသိမ်းစစ်အုပ်စု ထုတ်ကုန်များကို အသုံးမပြုရေး ပြည်သူများတွင်လည်း တာဝန်ရှိသည်ဟု အသိပေးတိုက်တွန်းမှုတစ်ခု လုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။

အလားတူ AA/ULA တပ်ဖွဲ့အတွင်း အာဏာသိမ်းစစ်တပ်၏ ဆက်စပ်စီးပွားထုတ်ကုန် အရက်၊ ဘီယာ၊ စားသောက်ကုန်များ မသုံးစွဲရေးကိုလည်း တားမြစ်ထားသည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ယခင်တော်လှန်ရေးအင်အားစုများအပြင် ပြီးခဲ့သည့်နှစ် နိုင်ငံ့အာဏာသိမ်းပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်မှုများအား လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုများကြောင့် ပေါ်ပေါက်လာသည့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုနှင့်ပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။