အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းခိုင်းထား 

အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေးအဖွဲ့ကို လျှို့ဝှက်ဖွဲ့စည်းခိုင်းထား 
ဇူလိုင် 17, 2022 | ရှမ်းတောင်

 နိုင်ငံအတွင်း  မြို့နယ်များရှိ အောက်ခြေ ရပ်ကွက်/ကျေးရွာအုပ်စုများ အဆင့်အထိ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက  ပြည်သူ့လုံခြုံရေးအဖွဲ့ကို အဖွဲ့(၁၀)ဖွဲ့စုပေါင်းပြီး ဖွဲ့စည်းရန်  လျှို့ဝှက် ညွှန်ကြားထားကြောင်း သိရသည်။

အောက်ခြေ ရပ်ကွက်/ကျေးရွာအဆင့်အနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရန်အတွက် ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့ (သို့မဟုတ်)ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ကျေးရွာတာဝန်ခံ/ရာအိမ်မှူးများက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး(တောင်ကြီး)ထံက သိရသည်။

ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့ (သို့မဟုတ်)ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ကျေးရွာတာဝန်ခံအဖွဲ့၊ ဆယ်အိမ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရဲမှုထမ်းဟောင်းအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ ကြက်ခြေနီအဖွဲ့ နှင့် ကျေးရွာမိကျေးရွာဖအဖွဲ့ အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အားပေးထောက်ခံသည့် YMBA ဘာသာရေးအဖွဲ့ တို့ ပါဝင်ရန်မည်ဖြစ်ကြောင်း သိရသည်။

 "အဲ့လို ဖွဲ့စည်းမယ်လို့တော့ ကြားတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီတော့ အကြောင်းမကြားလာသေးဘူး။ တကယ်ဖွဲ့မှာလား ဟန်ပြဖွဲ့မှာလားတော့မသိဘူး။"ဟု ကျိုင်းတုံမြို့မှ ကြက်ခြေနီတပ်ဖွဲ့ဝင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

ပါဝင်သည့် အဖွဲ့များထဲက တစ်ဖွဲ့လျှင် အနည်းဆုံး (၅)ဦးမှ (၁၀)ဦးအထိ  ပါဝင်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။