အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြသည့်  ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မိုင်းနောင်တွင် တိုက်ပွဲ ဖြစ်ပွား 

အာဏာသိမ်း စစ်ကောင်စီနှင့် တွေ့ဆုံခဲ့ကြသည့်  ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း မိုင်းနောင်တွင် တိုက်ပွဲ ဖြစ်ပွား 
စက်တင်ဘာ 21, 2022 | ရှမ်းတောင်

 ရှမ်းပြည်တောင်ပိုင်းဒေသအတွင်း မိုင်းနောင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့(၂)ဖွဲ့ အချင်းချင်း စက်တင်ဘာလ(၂၁)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားကြောင်း SSPP က သတင်းထုတ်ပြန်လာသည်။ 

မိုင်းနောင်မြို့နယ်၊ နမ့်တောင်းတံတားအနီးတွင် အခြေချလုပ်ရှားနေသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)တပ်ဖွဲ့ နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) တပ်ဖွဲ့တို့ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းနှစ်ဖွဲ့သည် ယနေ့ နံနက်(၇)နာရီခွဲဝန်းကျင်ကနေ (၇)နာရီ(၄၈)မိ နစ်အထိ တိုက်ပွဲဖြစ် ပွားခဲ့ပြီးနောက် RCSS တပ်များ ပြန်လည်ဆုတ်ခွါသွားသဖြင့် တိုက်ပွဲပြန်ငြိမ်သွားပြီဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မိုးမိတ်မြို့နယ်တွင်လည်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA) နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား စက်တင်ဘာလ(၁၆)ရက်နေ့ကနေ စက်တင်ဘာလ(၂၀)ရက်နေ့အထိ တိုက်ပွဲ (၃)ကြိမ် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာမှုများဖြစ်ပေါ်နေကြောင်းလည်း သိရသည်။

အခြားတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာ စစ်အာဏာရှင်ဖြုတ်ချရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းတည်ဆောက်နိုင်ရေးအတွက်  လက်နက်ကိုင် တိုက်ပွဲဝင်နေချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းဒေသအတွင်း၌ SSPP နှင့် RCSS တို့သည် နယ်မြေအပိုင်ရရေးအတွက်  ရှမ်းတိုင်းရင်းသားလက်နက်ကိုင် အချင်းချင်း ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်သလို အာဏာသိမ်းစစ်ကောင်စီဘက်ကလည်း နယ်မြေစိုးမိုးချယ်လှယ်ရေးအတွက် SSPP နှင့် တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်ကြောင်း သိရှိရသည်။