ဗဟိုဘဏ်က တစ်ပတ်လျှင် ကျပ်သိန်း(၁၀၀၀)အထိ ထုတ်ခွင့်ပြု

ဗဟိုဘဏ်က တစ်ပတ်လျှင် ကျပ်သိန်း(၁၀၀၀)အထိ ထုတ်ခွင့်ပြု

ပြည်သူကို ဘဏ်မှ တစ်ပတ်လျှင်သိန်း(၂၀)အများဆုံး ထုတ်ခိုင်းသည့် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ လုပ်ငန်းများအတွက် အသုံးပြုမည်ဆိုက တစ်ပတ်လျှင်သိန်း(၁,၀၀၀)အထိ ထုတ်ခွင့်ပြုကြောင်း ဗဟိုဘဏ်က ယနေ့ဧပြီလ(၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

ပြည်သူကို ဘဏ်များမှ တစ်ရက်လျှင်(၅)သိန်း၊ တစ်ပတ်လျှင်သိန်း(၂၀)၊ လုပ်ငန်းများအတွက် တစ်ပတ်လျှင်သိန်း (၂၀၀) ထုတ်ယူခွင့်ပြုနေသည့် အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့အတွက်  တစ်ပတ်လျှင်သိန်း(၁၀၀၀)ထုတ်ယူခွင့်ပြုကြောင်း ထုတ်ပြန်လာခြင်းဖြစ်သည်။

အစိုးရဌာနများ၏ သင်တန်းကျောင်းစာရိတ်များ၊ ဆုချီးမြင့်ငွေများ၊ ဝတ်စုံကြေးများ၊ နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ချီးမြင့်ငွေများ၊ ဂုဏ်ထူးဆောင်ဘွဲ့ချီးမြင့်ငွေများ၊ ဝန်ထမ်းဆုချီးမြင့်ငွေများနှင့် ဘာသာရေးဆိုင်ရာအခမ်းအနားအတွက် ငွေသားထုတ်ယူမှုကို တစ်ပတ်လျှင်သိန်း(၁,၀၀၀)ထုတ်ယူခွင့်ပြုကြောင်း ထုတ်ပြန်သည်။

ဒါ့အပြင် ဌာနဆိုင်ရာ အသီးအသီး၏ ဆောက်လုပ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အသုံးစာရိတ်များကိုလည်း တစ်ပတ်လျှင်သိန်း(၁,၀၀၀)၊ ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့များ၏ အသုံးစာရိတ်များ၊ ဘတ်ဂျက်ငွေဖြင့်ဆောင်ရွက်ရသည့် ဒေသဖွံ့ဖြိုးရေးစီမံကိန်းများ၊ လျော်ကြေးကိစ္စအတွက်လည်း တစ်ပတ်လျှင် သိန်း (၁,၀၀၀)၊ စက်မှုဇုန် စက်ရုံများ၏ လုပ်ခလစာ ကိစ္စများ၊ ကုန်ကြမ်းဝယ်ယူခြင်းများအတွက် တစ်လျှင်သိန်း(၁,၀၀၀)၊ ကျန်းမာရေးနှင့် ဘာသာရေးဆိုင်ရာကိစ္စများအတွက် အထောက်အထားများ ပြည့်စုံခိုင်လုံပါက တစ်ပတ်လျှင်သိန်း(၁၀၀)ထုတ်ယူခွင့်ပြုကြောင်း ထုတ်ပြန်သည်။