တပ်မ(၆၆)လက်အောက်ခံ တပ်မှ တပ်ကြပ်တစ်ဦး ဒီးမော့ဆို PDF ကို ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ CDM ပြုလုပ်

တပ်မ(၆၆)လက်အောက်ခံ တပ်မှ တပ်ကြပ်တစ်ဦး ဒီးမော့ဆို PDF ကို ဆက်သွယ်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ CDM ပြုလုပ်
ဇန်နဝါရီ 8, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် အလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်များထဲက တပ်ကြပ်တစ်ဦးသည် လက်နက်အပြည့်အစုံဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်သို့ ပူးပေါင်းလာကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၈) ရက်နေ့၌ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်သည်။

ဒီးမော့ဆိုကို စစ်ကြောင်းထိုးနေသည့် အာဏာသိမ်းစစ်တပ်၏ တပ်မ(၆၆)လက်အောက်ခံ အမှတ်(၁၀၈)ခြေမြန်တပ်ရင်းမှ တပ်ကြပ်တစ်ဦးက CDM လုပ်လိုကြောင်း ဇန်နဝါရီလ (၅) ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)ထံ  ဆက်သွယ်လာပြီး  MA 1 သေနတ်တစ်လက်နှင့်အတူ ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 အာဏာသိမ်းအဖွဲ့၏ မတရားလုပ်ရပ်များကို လက်မခံနိုင်တော့၍ ပြည်သူ့ ဘက်တော်သားအဖြစ် ရပ်တည်ရန် ရှေ့တန်းစစ်မြေပြင်မှနေ၍ CDM လုပ်ခြင်းဖြစ်ကြောင်း သိရပြီး အဆိုပါ  CDM တပ်ကြပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က လူ့အခွင့်အရေးနှင့်အညီ ကောင်းမွန်စွာ ကြိုဆိုလက်ခံပြီး လုံခြုံစိတ်ချသည့်နေရာ စီစဉ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ CDM တပ်ကြပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ ဇန်နဝါရီလ (၇)နေ့၌ လွှဲပြောင်းပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။ 

ပြည်သူ့ဘက်ကို ရပ်တည်လိုသော အရာရှိ အရာခံတပ်မတော်သားများအား ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)က  နွေးထွေးစွာ ကြိုဆိုပြီးထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပါမည်ဟုလည်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။