ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကသဲကွင်းရွာကို အာဏာသိမ်းတပ်က တပ်ဝင်စွဲပြီး ရွာစောင့်ကျန်သူ (၁၉)ဦးကို ဖမ်းဆီးထား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကသဲကွင်းရွာကို အာဏာသိမ်းတပ်က တပ်ဝင်စွဲပြီး ရွာစောင့်ကျန်သူ (၁၉)ဦးကို ဖမ်းဆီးထား
အောက်တိုဘာ 27, 2021 | ရှမ်းတောင်| ကယား

ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့နယ် ကသဲကွင်းရွာကို အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် အောက်တိုဘာလ (၂၇)ရက်နေ့တွင် ဝင်ရောက်တပ်စွဲထားပြီး ရွာစောင့်ကျန်နေခဲ့သည့် အမျိုးသား (၁၉) ဦးမှာ ဖမ်းဆီးခံထားရကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနီး ဘုန်းကြီးကျောင်းတစ်ခုတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်တပ်က ယမန်နေ့ ညနေ (၅) နာရီကတည်းက ကသဲကွင်းရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများပြုလုပ်၍ ကျေးရွာအစောင့်အဖြစ်နေခဲ့သူနှင့် မသွားလာနိုင်သူများမှအပ ကျန်ဒေသခံများမှာ တိမ်းရှောင်သွားကြရခြင်းဖြစ်ကြောင်း သိရသည်။

ရွာကအကုန်လုံး ထွက်သွားပြီ။ ရွာစောင့် ယောကျ်ားလေး (၁၉) ယောက်လောက်ကျန်ခဲ့တာ စကစတွေခေါ်သွားတယ်။ ဖုန်းလည်း အကုန်ပိတ်ထားကြတယ်။ ဆက်သွယ်လို့မရတော့ဘူး။ ပြေးလွတ်လာတဲ့ကလေးတစ်ယောက်ပြောတာ သူပြေးတဲ့အချိန် နောက်မှာ ဖမ်းထားတဲ့သူကိုပစ်တာလား သူ့ကိုပစ်တာလားမသိဘူး သေနတ်သံတစ်ချက်ကြားတယ်လို့ ပြောတယ်။ ရွာမှာက မသွားနိုင်တဲ့ အဖွား အသက် (၉၀)ကျော်နဲ့ အဖိုးတစ်ယောက်၊ နေမကောင်းတဲ့နှစ်ယောက်ကို စောင့်နေတဲ့ အစ်ကိုတို့ကို ဖမ်းသွားတယ်။ ရွာထဲကိုတော့ အခုပြန်ကြည့်လို့မရသေးဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်တပ်က ကသဲကွင်းကျေးရွာဘေးပတ်ဝန်းကျင်တွင် ယခင်ရက်များကတည်းက တပ်စွဲထားကြပြီး ရွာဘက်ကို လက်နက်ကြီးများ ဆက်တိုက်ပစ်ကာ ယနေ့တွင် ရွာတွင်း ဝင်လာကြခြင်းဖြစ်ကြောင်း သိရသည်။

ဆက်တိုက်ကျတာ သုံးလုံး။ ပထမကျတာနဲ့ အိမ်အောက်ဗုံးကျင်းတူးထားတဲ့နေရာ ဝင်ခိုမယ်ဆိုပြီး တံခါးဖွင့်လို့ အပြင်ရောက်တာနဲ့ ကျတာ။ လူနားကျတာအုပ်တံတိုင်းထိပြီး စင်ထွက်လာတာတွေ အိမ်တောင်ထိတယ်။ လူလည်း ထိတယ်။ နားဆို အခုထိမကြားရတော့ဘူး

ဟု ကျေးရွာတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခံရမှု အခြေအနေကို ပြောပြသည်။

အာဏာသိမ်းစစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာတွင်း လူနေအိမ်များဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်စီးနင်းသည့်အပြင် တွေ့သည့်လူများကိုလည်း ဖမ်းဆီးခြင်းလုပ်နေ၍ ဒေသခံများမှာ ကျေးရွာသို့ ပြန်မဝင်ရဲဘဲ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။