သီပေါမြို့တွင် ကျပ်(၅၀၀)တန်ဖိုးနည်း ထမင်းဟင်းရောင်းပေးနေသည့် နှလုံးသားပရဟိတအဖွဲ့ဝင် (၄)ဦးကို စရဖက ဖမ်းဆီးကာ လားရှိုးထောင်သို့ ပို့ထား 

သီပေါမြို့တွင် ကျပ်(၅၀၀)တန်ဖိုးနည်း ထမင်းဟင်းရောင်းပေးနေသည့် နှလုံးသားပရဟိတအဖွဲ့ဝင် (၄)ဦးကို စရဖက ဖမ်းဆီးကာ လားရှိုးထောင်သို့ ပို့ထား 
ဒီဇင်ဘာ 20, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း ) သီပေါမြို့တွင် ထမင်းတစ်နပ်(၅၀၀)ကျပ်ဖြင့် တန်ဖိုးနည်းထမင်းဟင်းရောင်းချပေးနေသည့်  “နှလုံးသားပရဟိတအဖွဲ့” မှ အဖွဲ့ဝင် အမျိုးသား ( ၄ )ဦးကို အာဏာသိမ်းအဖွဲ့၏ စရဖနှင့်ရဲတို့က ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ( ၁၈ ) ရက်နေ့က မေးစရာရှိသည်ဟုဆိုကာ ဖမ်းခေါ်သွားပြီး နောက်တစ်နေ့တွင် လားရှိုးထောင်သို့ပို့လိုက်ကြောင်း သိရသည်။

ဒီဇင်ဘာ ( ၁၈ ) ရက်နေ့ မနက် ( ၉ )နာရီလောက်က သူတို့ကို စရဖနဲ့ရဲတပ်ဖွဲ့က မေးစရာရှိတယ်ဆိုပြီး လာဖမ်းသွားတာ။ ဖမ်းခံရသူတွေက နှလုံးသားပရဟိတအသင်းက နေဇော်ထွန်းရယ် သူ့အဖေဖြစ်သူရယ်၊ ​ကျောင်းဆရာတ​စ်ယောက်ဖြစ်တဲ့ ဆရာကျော်ထက်ပိုင်ရယ် နောက်ထပ်တယောက်ရယ် စုစုပေါင်း ( ၄ )ယောက်ကို ခေါ်သွားတာ၊ သူ့အိမ်မှာပဲ ရှိနေတုန်း လာဖမ်းသွားပြီးမှ ဖုန်းထဲမှာ ဘာတွေ့တယ်ဆိုလားပြောပြီး အခုကျတော့ လားရှိုးထောင်ကိုပို့လိုက်ပြီလို့ သိရတယ်

ဟု သီပေါ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ဒီဇင်ဘာ ( ၂၀ )ရက်တွင် ပြောသည်။

အဆိုပါ “နှလုံးသားပရဟိတအသင်း” သည် ကိုဗစ်ကာလတလျှောက်လုံး သီပေါမြို့နယ်အတွင်း လူမှုကူညီရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေဖြစ်ပြီး လတ်တလောတွင်လည်း တန်ဖိုးသင့်ထမင်းဗူးများကို တစ်နပ်စာလျှင် ကျပ် ( ၅၀၀ )နှုန်းဖြင့် ရောင်းချပေးနေခြင်းဖြစ်သည်။

အဆိုပါပရဟိတအသင်းဝင် အမျိုးသား ( ၄ )ဦးကို သီပေါမြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် အာဏာသိမ်းစစ်တပ်က လာခေါ်သွားကာ  စစ်ဆေးရေးလုပ်သည်ဟု သိရပြီး မိသားစုဝင်များနှင့် အဆက်အသွယ်ဖြတ်တောက်ထားကြောင်း သိရသည်။