အသက်(၅)နှစ်အရွယ်ကို အဓမ္မကျင့်သတ်ဖြတ်သည့်အတွက် PSLF/TNLA  က အများပြည်သူရှေ့တွင် သေဒဏ်ပေး ကွက်မျက်

အသက်(၅)နှစ်အရွယ်ကို အဓမ္မကျင့်သတ်ဖြတ်သည့်အတွက် PSLF/TNLA  က အများပြည်သူရှေ့တွင် သေဒဏ်ပေး ကွက်မျက်
ဧပြီ 14, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ PSLF/TNLA  တပ်မဟာ (၂) စစ်ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကောင်းကလောအုပ်စု၊ လွယ်ခလေးကျေးရွာတွင် အသက်(၅)နှစ်အရွယ် ကလေးငယ်ကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်မှုကြောင့် မိုင်းအပတ်ကို PSLF/TNLA က အများရှေ့တွင် သေနတ်ဖြင့် ပစ်သတ်ကာ သေဒဏ်ပေးလိုက်ကြောင်း  PSLF/TNLA ၏ သတင်းနှင့်ပြန်ကြားရေးဌာနက ဧပြီလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။  

နမ့်ဆန်မြို့နယ်၊ ကောင်းကလောအုပ်စု၊ လွယ်ခလေးကျေးရွာတွင်  အသက်(၂၄)နှစ်အရွယ် မိုင်းအပတ်သည် တစ်ရွာတည်းနေ အသက်(၅)နှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ပြီး သတ်ပစ်သည့်အတွက် ဖမ်းဆီးပြီး  တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ တရားစီရင်ရေးဌာန က ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းနှင့်နေ့လည်ပိုင်းတို့တွင် ရုံးထုတ်စစ်ဆေးပြီး ဧပြီလ(၁)ရက်နေ့မှာပင် အများပြည်သူများရှေ့တွင် အမြင့်ဆုံးပြစ်ဒဏ်အဖြစ် သေနတ်ဖြင့် ပစ်ကာ သေဒဏ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

တရားစီရင်ရာတွင် တရားခွင်သို့ အများပြည်သူဘက်မှ ပန်ကွဲကျေးရွာ၊ လွယ်ခလေးကျေးရွာ၊ ကွမ်စလမ် ကျေးရွာ၊ ငေါ့စဗစ်ကျေးရွာ၊ ပန်ခါး(လီဆူ)ကျေးရွာတို့မှ ကျေးရွာဥက္ကဌများ၊ ရွာတာဝန်ရှိသူများနှင့် တအာင်း တပ်မတော်ဘက်မှ နမ့်ဆန်မြို့နယ်မှူး၊ တိုက်နယ်မှူးများ တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။



သေဒဏ်ပေးလိုက်သည့် မိုင်းအပတ်သည် ယခင်က အသက်(၄)နှစ်အရွယ် နှင့် အသက် (၅၄)နှစ်အရွယ် အမျိုးသမီးတို့ကို အဓမ္မပြုကျင့်ခဲ့ဖူးပြီး ထိုစဉ်က လျော်ကြေးငွေဖြင့် ကြေအေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၁၈ခုနှစ်က ပန်ကွဲရွာတွင်  ဓားပြတိုက် လူသတ်မှုတို့တွင် ပါဝင်ခဲ့၍  ကျောက်မဲခရိုင်တရားရုံးက  ပုဒ်မ-၃၀၂ ဖြင့် ထောင်ဒဏ်  (၇)နှစ်ချမှတ်ခဲ့သော်လည်း နိုင်ငံ့အာဏာသိမ်းခံရပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁၂)နေ့တွင် အာဏာသိမ်းစစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ပြု လွှတ်ပေးခဲ့ရာတွင် မိုင်းအပတ် ပါဝင်လာပြီး ယခုအခါမှာ ပြစ်မှုထပ်မံကျူးလွန်သည့်အတွက် PSLF/TNLA ၏ တရားစီရင်ရေးဌာနက ယင်းသို့ အပြစ်ပေး လုပ်ဆောင်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။



Photo: PSLF/TNLA