တိုက်ပွဲများ အကြားမှ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကရင်နီ(ကယား)ပြည်နယ်၏ တစ်နေရာတွင် ပြုလုပ်

တိုက်ပွဲများ အကြားမှ ဖဲကြိုးဖြူလှုပ်ရှားမှုကို ကရင်နီ(ကယား)ပြည်နယ်၏ တစ်နေရာတွင် ပြုလုပ်
နိုဝင်ဘာ 27, 2021 | ကယား

တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားနေသည့် ကရင်နီ (ကယား)ပြည်နယ်တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးဖဲကြိုးဖြူလှုပ်ရှားမှုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းက ဖရူဆိုမြို့နယ် ၊ ဟိုယာကျေးရွာတွင် ပြုလုပ်ကြသည်။

ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထအမြစ်ဖြတ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ် ဆောင်ပုဒ်ဖြင့် အမျိုးသမီးများအတွက် အမျိုးသမီးဖောင်ဒေးရှင်း (WWF) နှင့် ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) တို့ပူးပေါင်း၍ ဖဲကြိုးဖြူ လှုပ်ရှားမှု အား လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။ 

အဆိုပါ လှုပ်ရှားမှုတွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှ ဒီဇင်ဘာလ (၁၀) နေ့အတွင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုအကြောင်းအား ပညာပေးပြောကြားခြင်း၊ အမေးအဖြေကဏ္ဍများပြုလုပ်ခြင်း၊ တိုက်ပွဲများအတွင်း အိုးအိမ်စွန့်ခွာ၍ ရှောင်တိမ်းနေရသော စစ်ရှောင်အမျိုးသမီးများ၏ ကြုံတွေ့နေရသော အခက်ခဲ အကြပ်တည်းအချို့အား ရင်ဖွင့်ပြောပြခြင်း၊  ပြဇတ်ကပြခြင်းများကိုပါ ထည့်သွင်းပြုလုပ်ခဲ့သည်။ 

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဖဲကြိုးဖြူ လှုပ်ရှားမှုတွင် တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရသည့် စစ်ဘေးရှောင်များ ၊ ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ များ ပါဝင် တက်ရောက်ခဲ့ကြသည်။