မိုင်းရှူးမြို့နယ်နှင့် ကျိုင်းတောင်းမြို့တို့တွင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက လူသစ်စုဆောင်းရန် နေအိမ်အထိ ဝင်ရောက် ဖမ်းဆီး ခေါ်ဆောင်

ပုံအညွှန်း - မိုင်းရှူးမြို့ ရပ်ကွက်(၂)တွင် ၁၀.၁၁.၂၀၂၁ နံနက်ပိုင်းက အရပ်ဝတ်ဖြင့် ဝတ်ဆင်ထားသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်များ ကိုင်ဆောင်လာစဉ်

By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင်အတွင်းရှိ မိုင်းရှုးမြို့နယ်နှင့် လင်းခေးခရိုင်အတွင်းရှိ ကျိုင်းတောင်းမြို့များအတွင်း ယနေ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဒေသခံများအဆိုအရ ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့မှဟု သိရသူများက နေအိမ်များ အထိဝင်၍ လူသစ်စုဆောင်းမှုကြောင့် ထိတ်လန့်ကာ အမျိုးသမီးတစ်ဦးသေဆုံးမှုဖြစ်သွားကြောင်း သိရသည်။

မိုင်းရှူးမြို့ ရပ်ကွက်(၂)တွင်း အရပ်ဝတ်ဖြင့် လက်နက်ကိုင်ဆောင်ထားသူများက နေအိမ်များအထိ လိုက်လံဖမ်းဆီးခေါ်ဆောင်မှုကြောင့် နှလုံးရောဂါအခံရှိသည့် အသက် (၄၂) နှစ်အရွယ် အမျိုးသမီးမှာ ခင်ပွန်းဖြစ်သူအား ဖမ်းခေါ်သွားသည်ကို တွေ့ရပြီး နေရာတွင် သေဆုံးသွားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဒီနေ့မနက်အစောပိုင်း ရှမ်းစစ်သားတွေ လူလာဆွဲတာ။  အရပ်ဝတ်နဲ့လာကြတာ။ ရပ်ကွက် (၂)မှာ လူတွေအများကြီး ပါသွားတယ်။ မြို့ထဲတောင် ဝင်လာရဲနေပြီ။ ဗမာစစ်သား (အာဏာသိမ်းတပ်) ဆိုတာကလည်း ဆွဲနေတုန်းကတော့ ဘယ်ရောက်နေမှန်း မသိဘူး။ လူတွေပါသွားပြီးမှပဲ ကင်းလိုက်ပတ်နေတာတဲ့ မြင်မကောင်းဘူး။ မြို့လယ်ခေါင်မှာ သေနတ်တကားကားနဲ့

ဟု မိုင်းရှူးဒေသခံတစ်ဦးက Tachileik News Agency သို့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၀)ရက်နေ့တွင် ပြောသည်။

ပုံအညွှန်း - မိုင်းရှူးမြို့ ရပ်ကွက်(၂)တွင် ၁၀.၁၁.၂၀၂၁ နံနက်ပိုင်းက အရပ်ဝတ်ဖြင့် ဝတ်ဆင်ထားသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်များ ကိုင်ဆောင်လာစဉ်

Tachileik News Agency က ရရှိထားသည့် ဗီဒီယိုမှတ်တမ်းတွင် မိုင်းရှူးမြို့နယ်အတွင်း လူသစ်စုဆောင်းသည့် လက်နက်ကိုင်ဆောင်ထားသူများမှာ အရပ်ဝတ်များဝတ်ထားပြီး တစ်ဦးကစာရွက်ကိုကိုင်၍ လိုက်လာသည်ကိုလည်း တွေ့ရသည်။

အလားတူ အာဏာသိမ်းစစ်တပ်၏ တပ်ရင်း (၄) ရင်းရှိသည့်အပြင် တိုင်းဗဟိုအဆင့်မြင့်လေ့ကျင့်ရေးကျောင်းပါရှိသည့် လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့တွင်လည်း  ရှမ်းလက်နက်ကိုင်တော်လှန်ရေးအဖွဲ့က တစ်အိမ်ထောင် တစ်ယောက်နှုန်း တောင်းထားပြီး မပေးပါက နေအိမ်ထဲဝင်၍ ဖမ်းဆီးခေါ်ဆောင်နေကြောင်း သိရသည်။

အိမ်ထဲထိဝင် လက်ပြန်ကြိုးတုပ်ဖမ်းသွားတာတော့ ဘယ်လိုမှ မဖြစ်သင့်ဘူးလေ။ တရားမရှိတဲ့ ကောင်တွေ။ ပြီးရင် ဒီဒေသခံတွေဆီကပဲ ဆန်တောင်းလိုက်၊ အသားဖိုးတောင်းလိုက်နဲ့ ဆက်ကြေးက လာလာ ကောက်သေးတယ်။ မိုက်ရိုင်းကြတာ။ သူတို့တော်လှန်ရေးကြီး အောင်မြင်ပါလိမ့်မယ်

ဟု နေအိမ်များအထိ မိသားစုများရှေ့တွင် လိုက်လံဖမ်းဆီးခေါ်ဆောင်မှုကို ကြုံတွေ့ခဲ့ရသည့် ဒေသခံအမျိုးသမီးတစ်ဦးက မှတ်ချက်ပြုထားသည်။

ကျိုင်းတောင်းမြို့တွင် နိုဝင်ဘာလ(၈)ရက်နေ့ ညနေ (၅)နာရီဝန်းကျင်က အရပ်ဝတ်ဖြင့် လက်နက်ကိုင်ထားသည့် အဖွဲ့က နေအိမ်များအထိ လူသစ်လာစုဆောင်းရာတွင် သားဖြစ်သူကို မတွေ့၍ အဖေဖြစ်သူကို ခေါ်သွားပြီး စုစုပေါင်း (၂၀) ဝန်းကျင်ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်သူတွေကတော့ မအလကိုလည်း မတိုက်ဘဲ ဘာလို့ သားတွေကို ပို့ပေးရမလဲလို့ ပြောတယ်။ အရင်က လူသစ်စုဆောင်းရင်လည်း ပေးတယ်။ ဆက်ကြေးတောင်းလည်း ပေးတယ်။ တကယ့် တကယ်တိုက်တဲ့ အချိန်ကျတော့ သူတို့မတိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်နေကြတာပေါ့ဗျာ။ တစ်နိုင်ငံလုံးက မအလကို တိုက်နေချိန်မှာ သူတို့က မအလနဲ့ လက်ဝါးချင်းရိုက် လုပ်စားနေသလားလို့ ထင်ရလောက်အောင် မလုပ်သင့်တာတွေ လုပ်နေကြတယ်။ အထက်ကပဲ မသိတာလား။ သူတို့ ပေါ်လစီလားတော့ မသိဘူးဗျ။ စိတ်မကောင်းစရာတခုက ကျိုင်းတောင်းမှာ လွန်ခဲ့တဲ့ (၅)ရက်လောက်က ဖမ်းသွားတဲ့ အမျိုးသားတစ်ယောက်လည်း ဒီနေ့ဆုံးသွားတယ်ကြားတယ်။

ဟု  ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အဆိုပါ လူသစ်စုဆောင်းသူများက အရပ်ဝတ်များဖြင့်လာသဖြင့် မည်သည့်အဖွဲ့မှဆိုသည်ကို အတည်မပြုနိုင်သော်လည်း မိုင်းရှူးမြို့နယ်တွင် SSPP တပ်ရှိနေပြီး ကျိုင်းတောင်းမြို့တွင် RCSS တပ်ရှိသည်ဟုသာ ဒေသခံများက အတည်ပြုပြောဆိုထားကြသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ Tachileik News Agency က ယနေ့ အောက်တိုဘာလ(၁၀)ရက်နေ့ ညနေပိုင်းက SSPP/SSA ကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံ ဖြေကြားခြင်း မရှိသေးဘဲ RCSS/SSA ကို ဆက်သွယ်ရာတွင် အဆိုပါကိစ္စကို ဆက်သွယ်အတည်ပြုပြီးမှ ပြန်လည်ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။

ပုံအညွှန်း - မိုင်းရှူးမြို့ ရပ်ကွက်(၂)တွင် ၁၀.၁၁.၂၀၂၁ နံနက်ပိုင်းက အရပ်ဝတ်ဖြင့် ဝတ်ဆင်ထားသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လက်နက်များ ကိုင်ဆောင်လာစဉ်