ပအိုဝ်းဒေသ ဟိုပုံးမြို့တွင် နယ်မြေခံတပ်က တိုင်းရင်းသားများအား အသုံးချကာ အာဏာသိမ်းစစ်တပ် ထောက်ခံပွဲ ပြုလုပ်

ပအိုဝ်းဒေသ ဟိုပုံးမြို့တွင် နယ်မြေခံတပ်က တိုင်းရင်းသားများအား အသုံးချကာ အာဏာသိမ်းစစ်တပ် ထောက်ခံပွဲ ပြုလုပ်
အောက်တိုဘာ 27, 2021 | ရှမ်းတောင်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း Covid-19 ကူးစက်မှုရှိနေဆဲဖြစ်သည့် ဟိုပုံးမြို့တွင် အာဏာသိမ်းစစ်တပ် ထောက်ခံပွဲကို ယနေ့ အောက်တိုဘာလ (၂၇)ရက်နေ့တွင် နယ်မြေခံတပ်၏ ဦးဆောင်စေခိုင်းမှုဖြင့် ပြုလုပ်နေပြီး ဒေသတွင်းမှ တိုင်းရင်းသားများမှာ အသုံးချခံဖြစ်နေရကြောင်း သိရသည်။

မြို့နေ ပြည်သူလူထု မပါဘူး။ ရွာတွေက လူတွေ ရိုးလွန်း အလွန်းတယ် အသုံးချခံ နေရတာ၊ အခုလို လုပ်လိုက်လို့လည်း သူတို့ရဲ့ လုပ်ရပ်က အရှက်သိက္ခာမဲ့မှုကနေ မရုန်းထွက်နိုင်ပါဘူး။ မြို့က လူထုတွေက ရွံရှာမုန်းတီးမှုတွေပဲ ပိုးလာပါတယ်။ ပြည်သူထောက်ခံမှု မရှိတဲ့ တပ်ဟာ မနှေးအမြန် ပျက်သုဥ်း တော့မယ်ဆိုတာ ခုလုပ်ရပ်က သက်သေပါပဲ။ ခုလို ထောက်ခံပွဲမှာ ပါဝင်တဲ့သူတွေအကုန်လုံးဟာ စဥ်းစားတွေးခေါ် ဥာဏ်ရှိတဲ့ သူတွေ မဟုတ်သလို နိုင်ငံအတွက် ဘယ်နေရာမှာမှ အသုံးဝင်တဲ့ လူတန်းစားတွေမဟုတ်ပါဘူး

ဟု ဟိုပုံးမြို့နေ ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဟိုပုံမြို့တွင် Covid-19 ကူးစက်မှုများနှင့် ပတ်သက်၍ ယနေ့ အောက်တိုဘာလ(၂၇)ရက်နေ့ နံနက်ပိုင်း ဓါတ်ခွဲအဖြေအရ Covid-19 ပိုးကူးစက်ခံထားရသူ (၂၄)ဦး၊ အောက်တိုဘာလ(၂၃)ရက်နေ့က (၄)ဦးတွေ့ရှိရာ တစ်ဦးမှာ သေဆုံးသူ ဖြစ်ပြီး  အောက်တိုဘာလ(၂၂)ရက်နေ့တွင် (၃၇)ဦး၊ တွေ့ရှိထားကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များကို အစည်းအဝေးသို့ မဖိတ်ကြောင်း အာဆီယံက ထုတ်ဖော်ပြောဆိုလိုက်ပြီးနောက် အာဆီယံအစည်းအဝေး မကျင်းပမီ တစ်ရက်အလိုဖြစ်သည့် ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၅)ရက်နေ့က စတင်ကာ ယနေ့ အောက်တိုဘာလ(၂၇)ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က Covid-19 စည်းကမ်းချက်များကို ချိုးဖောက်ကာ စေခိုင်းသည့်အတွက် တိုင်းနှင့်ပြည်နယ်မြို့ရှိ အချို့ဒေသများတွင် အာဏာသိမ်းစစ်တပ်ထောက်ခံပွဲကို လုပ်ဆောင်နေကြခြင်း ဖြစ်သည်။