ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်က (၄)ဦး ဒဏ်ရာရ

ရှမ်း - ကယားနယ်စပ် တိုက်ပွဲတွင် အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးသေဆုံးပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်က (၄)ဦး ဒဏ်ရာရ
နိုဝင်ဘာ 2, 2021 | ရှမ်းတောင်| ကယား

ရှမ်း - ကယားနယ်စပ် ဖယ်ခုံမြို့နယ်အတွင်း အင်အား အများအပြားဖြင့် စစ်ကြောင်းချီလာသည့် အာဏာသိမ်းစစ်တပ်အား  ဒေသကာကွယ်ရေး  ပူးပေါင်းအဖွဲ့မှ ခုခံ တိုက်ခိုက်ရာ အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦး သေကြေပျက်စီးခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့ဘက်က ရဲဘော် (၄)ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း KNDF က နိုဝင်ဘာလ(၂)ရက်နေ့ ညနေပိုင်းတွင် သတင်းထုတ်ပြန်လာသည်။

ဖယ်ခုံမြို့နယ်၊ ခေါင်းအိကျေးရွာအနီးတွင် အာဏာသိမ်းစစ်တပ်သည် အင်အား (၂၀၀)ဝန်းကျင်ဖြင့် လွယ်ဝှဲကျေးရွာဘက်ကနေ စစ်ကြောင်းချီလာသည့်အတွက် နိုဝင်ဘာလ(၂)ရက်နေ့ နေ့လည်(၂)နာရီကျော်က တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

လက်နက်အင်အား၊ လူအင်အားဖြင့် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းချီလာသည့် အာဏာသိမ်းစစ်တပ်အား ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ PDF(ဖယ်ခုံ)နှင့် PDF (မိုးဗြဲ)တို့မှ ပူပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။

တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်က (၅)ဦးသေဆုံးပြီး KNDF ဘက်က ရဲဘော် (၂)ဦး နှင့် PDF ဘက်က ရဲဘော်(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်သည် ခယ်ခုံ နှင့် ပင်လောင်းမြို့နယ်တို့ ထိစပ်သည့် လွယ်ဝှဲ နှင့် ပင်ပုံကျေးရွာတို့မှ စစ်ကြောင်း (၂)ကြောင်းဖြင့် စစ်ကြောင်းထိုးခြင်း ဖြစ်ပြီး လွယ်ဝှဲကျေးရွာတွင် တပ်စွဲထားကြောင်း နှင့်  ကျေးရွာနေပြည်သူများမှ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

 

ဆက်စပ်သတင်း