တောင်ကြီးမြို့တွင် စကစ ယန္တရားလည်ပတ်နိုင်ရန် မီတာခဆောင်သူများရှိနေ၍ EPC ရုံး၏ အနီးဆုံးနေရာများတွင် အသံဗုံးခွဲပြီး သတိပေး

ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က မီတာခ ဆောင်ရန် တန်းစီနေသူများ [Photo: CJ]
ပုံအညွှန်း - ယနေ့ နိုဝင်ဘာလ (၅)ရက်နေ့ နေ့လည်(၁)နာရီခွဲအချိန်က မီတာခ ဆောင်ရန် တန်းစီနေသူများ [Photo: CJ]
တောင်ကြီးမြို့တွင် စကစ ယန္တရားလည်ပတ်နိုင်ရန် မီတာခဆောင်သူများရှိနေ၍ EPC ရုံး၏ အနီးဆုံးနေရာများတွင် အသံဗုံးခွဲပြီး သတိပေး
နိုဝင်ဘာ 5, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်နိုင်ရန်အတွက် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ အရာရှိက ဒေသခံပြည်သူများအား မီတာခ ပေးဆောင်ရန် စေခိုင်းသလို မီတာခ သွားဆောင်သူလည်းများနေသည့်အတွက် ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့က  ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့ နံနက်(၁၀)နာရီ ဝန်းကျင်အချိန်က သတိပေးသည့်အနေဖြင့် EPC ရုံးအား အသံဗုံးဖောက်ခွဲကာ သတိပေး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

"လမ်းမပေါ် အလယ်ကျွန်းမျှောပေါ်မှာ တစ်လုံး၊ ရုံးဝန်းထဲ မီတာဆောင်တဲ့ နေရာနားမှာ တစ်လုံး ၊ လမ်းပေါ်တစ်လုံးက EPC အောက်နားက သာသနာ့ဗိမ္မာန်ရှေ့တည့်တည့် အလယ်ကျွန်းမျှောလောက်မှာ၊ လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူး၊  ရုံးက လူတွေနဲ့ မီတာဆောင်တဲ့လူတွေကို သတိပေးသဘောပဲဖြစ်လိမ့်မယ်"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ နေ့လည်ပိုင်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားအတွက် အထောက်အပံ့ မဖြစ်စေလို၍  အခွန်အခပေးလိုသည် ပြည်သူများက မီတာခ မဆောင်ဘဲနေရာ အာဏာသိမ်းစစ်ကောင်စီ၏ လက်အောက်ခံ EPC က မီတာခမဆောင်၍ဟုဆိုကာ လျှပ်စစ်မီးများ ဖြတ်တောက်ခြင်း၊ ယခင် လများက ကြွေးကျန်များပါ ပေါင်းကောက်ခြင်းများ ပြုလုပ်နေသည့်အတွက် နိုင်ငံအတွင်းရှိ ဒေသကာကွယ်ရေးအဖွဲ့များ EPC ရုံးနှင့် ဝန်ထမ်းများကို သတိပေးခြင်း၊ ရှင်းလင်းခြင်းများ လုပ်ဆောင်နေရကြောင်း သိရသည်။