ဒီးမော့ဆိုမြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပုပ်ပွသေဆုံထားသော လူသေအလောင်များ ဆက်တိုက်တွေ့ရှိနေ

ဒီးမော့ဆိုမြို့နယ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီ၏ သတ်ဖြတ်မှုကြောင့် ပုပ်ပွသေဆုံထားသော လူသေအလောင်များ ဆက်တိုက်တွေ့ရှိနေ
ဇွန် 16, 2021 | ကယား

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များ တပ်ဆွဲထားခဲ့သော နေရာများတွင် သေဆုံး၍ ပုပ်ပွကာ ရုပ်ပျက်နေသော လူသေအလောင်းများအား ဆက်တိုက် တွေ့ရှိနေရကြောင်း သိရသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်တပ်များမှ တပ်ဆွဲထားခဲ့သော ဒီးမော့ဆိုမြို့ ရပ်ကွက်အချို့နှင့် ငွေတောင်ကျေးရွာတို့တွင် မည်သူမည်ဝါ ဖြစ်သည်ကိုအတည်ပြု၍ မရဘဲ ပုပ်ပွ၍ ရုပ်ပျက်ဆင်းပျက် ဖြစ်ကာ သေဆုံးနေသော  လူသေအလောင်းများကို နေအိမ်များ လမ်းဘေးများတွင် တွေ့ရှိ​နေရကြောင်းသိရသည်။ 

အခုက မနေ့ကပေါ့လေ စစ်ရှောင်တွေ ​အိမ်ပြန်ချင်တဲ့သူ ပြန်လို့ရပြီလို့ ​ပြောတော့ တစ်ချို့ ပြန်ကြည့်ကြတာပေါ့။ ကျွန်တော်လည်း တစ်ချက်ပြန်တယ်။ ရပ်ကွက်ထဲ ပတ်ကြည့်တော့ လူသေ အလောင်းတွေပေါ့ ရုပ်ပျက်ဆင်းပျက်ပါပဲ။ တစ်ချို့ကျ ပုပ်နေပြီ။ တစ်ချို့ကျ အရိုးစုပဲ ကျန်တော့တယ်။ သေတာတွေကတော့ အရပ်သားတွေပါပဲ အဝတ်အစားကို ကြည့်ရင် သိနိုင်တယ်လေ။ လူမသိ သူမသိ ဖမ်းခေါ်ပြီး ပစ်သတ်ထားတာတွေလည်း ဖြစ်နိုင်တယ်။ ဘယ်သူလည်း ဆိုတာတော့ ကျွန်တော်မသိနိုင်ဘူး။ ရုပ်တွေက ​တအားပျက်နေပြီ။ တစ်ချို့ အလောင်းဆို ခွေးတွေဆွဲထားတာ တစ်ပိုင်းပဲ ကျန်တယ်။ အလောင်း နှစ်လောင်းတွေ့တဲ့ အိမ်ဆိုရင် အဲ့အိမ်မှာကို စစ်တပ်က တပ်ဆွဲတုန်းက နေသွားတာ။ သူတို့ အဲ့မှာ ဖမ်းထားတဲ့သူကို ပစ်သတ်ခဲ့တာမျိုးဖြစ်နိုင်တယ်။

ဟု ဒီးမော့ဆိုမြို့ ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

ဇွန်လ(၁၅)ရက်နေ့တွင် ကရင်နီအမျိုးသားကာကွယ်ရေးတပ် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယာယီတိုက်ပွဲရပ်နားရန် ထုတ်ပြန်ခဲ့ပြီးနောက် ဒေသခံ စစ်ရှောင်အချို့မှ နေရပ်ပြန်ရန် အခြေနေလာရောက် ကြည့်ရှု့စဥ် အဆိုပါ လူသေအလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြခြင်းဖြစ်သည်။ 

ဒီးမော့ဆိုမြို့အတွင်း ရပ်ကွက်အချို့၏ လမ်းဘေး ရေမြောင်းများ ၊ လမ်းမဘေးများ ၊ နေအိမ်များ အနီးတွင် လူမသိ သူမသိ ပစ်သတ်ခံထား ရသော လူသေအလောင်းများကို တွေ့ရှိနေရသလို စံပြ (၆)မိုင်ကျေးရွာ နှင့် ငွေတောင်ကျေးရွာများတွင်လည်း စစ်ကောင်စီမှ တပ်ဆွဲကာ နေထိုင်ခဲ့သော နေအိမ်များထဲတွင် သေဆုံးနေသော လူသေအလောင်းများကို တွေ့ရှိခဲ့ရပြီး မည်သူမည်ဝါ ဖြစ်သည်ကို အတည်ပြု၍ မရသေးကြောင်း ဒေသခံများ ကပြောသည်။

အလောင်းတွေ တွေ့တယ်ဆိုတာ သွားရင်းလာရင်းနဲ့ တွေ့တာ။ လိုက်မရှာကြည့်ရသေးဘူး။ လိုက်သာရှာရင် ထပ်ပြီးတွေ့နိုင်တယ်။ သေဆုံးသူတွေရဲ့မိသားစုတွေကလည်း မသိနိုင်ကြသေးဘူး ထင်တယ်။ စစ်ရှောင်နေကြရ​တေ့ာ အကုန် တစ်ကွဲတစ်ပြားစီဖြစ်နေကြတာ။ အခု အလောင်းတွေက အရပ်သားတွေပါ ။ လူမသိ သူမသိ ပစ်သတ်ခံထားရတာပါ။ လွတ်လွတ်လပ်လပ် ဝင်ရှာနိုင်ရင်တော့ အလောင်းတွေ ထပ်တွေ့နိုင်ပါတယ်။ ​မြေပြင်မှာ အခြေ​နေက အတော်ဆိုးပါတယ်။ ကျွန်တော်တို့ စစ်ရှောင်တွေ အိမ်မပြန်နိုင်သေးပါဘူး။ အခြေနေက ဘာမှ ပြောင်းလဲတာမရှိပါဘူး။

ဟု ဒေသခံတစ်ဦး ကပြောသည်။

 

ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)နှင့် အကြမ်းဖက်စစ်ကောင်စီတို့ တိုက်ပွဲများ ယာယီ ရပ်နားကြောင်း ဇွန်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့ပြီး စစ်ရှောင်များနေရပ်ပြန်နေကြရန် အသိပေးထားသော်လည်း အချို့သာလာရောက်အခြေနေကြည့်ရှု့ကြပြီး ကျေးရွာများ တွင် စစ်ကောင်စီတပ်များမှ တပ်ဆွဲ၍ သွားလာနေသောကြောင့် စစ်ရှောင်များမှာ နေရပ်ပြန်ရန် မဖြစ်နိုင်သေးပဲ  ခက်ခဲနေသေး ကြောင်းသိရသည်။



Photo: CJ