KNPP၏ ထိန်းချုပ်နယ်မြေအတွင်း နယ်ကျော်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ (၅) ကြိမ်ဆက်တိုက် ဖြစ်ပွား

Photo: Knlc
Photo: Knlc
KNPP၏ ထိန်းချုပ်နယ်မြေအတွင်း နယ်ကျော်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ (၅) ကြိမ်ဆက်တိုက် ဖြစ်ပွား
ဇူလိုင် 12, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးမြို့ အရှေ့ဖက်တစ်ကျောရှိ KNPP ထိန်းချုပ်နယ်မြေများအတွင်း နယ်မြေကျော် ဝင်ရောက်နေသည့် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်(KA)တို့ ၂၀၂၁ ခုနှစ် ဇူလိုက်လ (၁၂) ရက်နေ့ နံနက်ပိုင်းစ၍ ညပိုင်းအထိ တိုက်ပွဲ (၅)ကြိမ်ဖြစ်ပွားသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ၏  ကရင်နီတပ်မတော် (KA) အမှတ်(၃)တပ်ရင်း၏ လှုပ်ရှားနယ်မြေများအတွင်း စစ်ကောင်စီတပ်ရင်းများမှ နယ်မြေကျော် ဝင်ရောက်လှုပ်ရှားလာခြင်းကြောင့် ဇူလိုင်လ (၁၂) ရက်နေ့ နံနက်ပိုင်းမှစ၍ ညပိုင်းအထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။ 

လွိုင်ကော်မြို့နယ်၊  လွိုင်လင်လေးမြို့ အရှေ့ဖက်ရှိ  ဒေါတဟေးကျေးရွာနှင့် တီးလုံကျေးရွာအကြားတွင် နံနက် (၈)နာရီမှစ၍ ကရင်နီတပ်မတော်(KA) နှင့် အာဏာသိမ်းစစ်ကောင်စီ၏ ခလရ (၅၃၀) တပ်ရင်းတို့ကြား နာရီဝက်ကြာတိုက်ပွဲဖြစ်ပွား၍ နေ့လည်ပိုင်း ( ၁ )နာရီ မိနစ် (၄၀)ဝန်းကျင်တွင် ဝမ်ခိုင်းကျေးရွာ အနောက်တောင်ဘက်နှင့် ကွန်နားကျေးရွာတောင်ဘက်တွင်  အင်အား (၂၀၀) ဝန်းကျင်ရှိသည့် တပ်မ (၆၆ )နှင့်  (၁၀) မိနစ်အကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ညနေပိုင်း (၄ )နာရီ မိနစ် (၄၀) ခန့်တွင် ဒေါတဟေးကျေးရွာ၏ အရှေ့ဖက် သင်္ချိုင်းကုန်းအနီးတွင် တပ်မ (၆၆)နှင့် နာရီဝက်ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ကာ ညပိုင်း ( ၆) နာရီ ကျော်အချိန်ခန့်မှစ၍  တစ်နာရီကျော်အကြာ ဒေါတဟေးကျေးရွာ တောင်ဘက်တွင် တပ်မ (၆၆) နှင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ 

ကရင်နီတပ်မ​တော် (KA) တပ်ရင်းအမှတ် (၃) ၏ လှုပ်ရှားနယ်မြေများအတွင်း  စစ်ကောင်စီတပ်၏ တပ်မ (၆၆) နှင့် ခလရ (၅၃၀) တပ်ရင်းတို့ မှာ နယ်မြေကျော် ဝင်ရောက်ကာ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွား နေခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ (၇)ဦးခန့် သေဆုံးကြောင်း  KNPP ၏ သတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ထားသည်။ 

တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ လက်နက်ကြီးသုံး၍ ကျေးရွာများအတွင်းပါ ပစ်ခတ်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာဝန်းကျင်ရှိကျေးရွာများမှာ ရွာလုံးကျွတ်တိမ်းရှောင်နေကြရကြောင်း သိရသည်။

ခုနကထိ ပစ်နေသေးတယ်။ စစ်တပ်ဖက်က ပစ်နေတာပေါ့ ။ ကျွန်တော်တို့ ကြားနေရတယ် ။ လက်နက်ကြီးကို မကြာခဏ ပစ်နေတယ်။ ကျွန်တော်တို့ ဒေသခံတွေကတော့ ရွာလုံးကျွတ်ပဲ ဘယ်သူမှမကျန်ဘူး အကုန် စစ်ဘေးလွတ်ရာ ရှောင်နေကြရတယ်။ စစ်တပ်ဖက်က မပြန်ရင်တော့ တိုက်ပွဲ ဆက်ဖြစ်မယ်လို့ ပဲ ယူဆရတယ်။

ဟု စစ်ရှောင် ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့ပြောသည်။ 

ကရင်နီတပ်မတော် (KA) အမှတ် (၃) တပ်ရင်း မှာ ၎င်းတို့၏ နေရာတွင်သာ နေထိုင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ နယ်မြေကျော် ဝင်ရောက် လာမှုကြောင့် ပြန်လည် ပစ်ခက်တိုက် ခိုက်ရခြင်း ဖြစ်သလို စစ်ကောင်စီတပ်များမှ ဆုတ်ခွာခြင်းမရှိဘဲ နယ်မြေထပ်မံကျူးကျော်၍ လှုပ်ရှားလာပါက ထပ်မံ၍ တိုက်ခိုက်နေမည် ဖြစ်ကြောင်း (KA)အမှတ် (၃) တပ်ရင်းမှ  တာဝန်ရှိသူတစ်ဦးကပြောဆိုထားသည်။ 

လက်ရှိချိန်ထိ စစ်ကောင်စီတပ်များမှ ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲကာ လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေသလို အနီးအနားရှိ ကျေးရွာများအတွင်းသို့ပါ လက်နက်ကြီးများ ပစ်ခတ်နေပြီး ကရင်နီတပ်မတော် (KA)ဖက်မှ ပစ်ခက်မှုများ မရှိသေးဘဲ ထပ်မံ စောင့်ကြည့်နေသေးကြောင်း သိရသည်။