ဒီးမော့ဆိုမြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းအနီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းထန် ရရှိ

Photo: KNDF 
Photo: KNDF 
ဒီးမော့ဆိုမြို့နယ်အတွင်း ခရစ်ယာန်ဘုရားကျောင်းအနီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းထန် ရရှိ
ဧပြီ 1, 2022 | ကယား

ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံရွာအတွင်းသို့ အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ဧပြီလ(၁)ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့်  ခရစ်ယာန်ဘုရားကျောင်းအနီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF)က သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်လိုက်သည့် လက်နက်ကြီးသည် ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းအနီး ကျရောက် ပေါက်ကွဲခဲ့ပြီး  အသက်(၄၀)ကျော် ဒေသခံအမျိုးသားတစ်ဦး ဒဏ်ရာအပြင်း အထန်ရခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ် ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော  နေရာများနှင့် လူနေ ကျေးရွာရပ်ကွက်များသို့ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

မတ်လ(၃၁)ရက်နေ့လည်း ဒီမော့ဆို အရှေ့ဖက်ခြမ်း ဒေါခူလီကျေးရွာသို့ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် နေအိမ်တစ်လုံး ပျက်ဆီးသွားခဲ့သေး သည်။