ပအိုဝ်းတွေကို မမုန်းပါနဲ့

ပအိုဝ်းတွေကို မမုန်းပါနဲ့

ပအိုဝ်းတိုင်းရင်းသား လူငယ် Gen Z များ၊ အခြားသော ဒီမိုကရေစီ လိုလားသည့် ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် နွေဦးတော်လှန်ရေးတွင် ပါဝင်သင့်သလား၊ စစ်အာဏာရှင်ကို ဘုရင်အဖြစ် အသိအမှတ်ပြုကာ စစ်ကျွန်ဘဝဖြင့် အသက်ဆက်သင့်သလား..

 

◾ပအိုဝ်းတွေကို မမုန်းပါနဲ့

ရှမ်းပြည်နယ် အတွင်းက ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းမြို့နယ်ကို စုစည်းပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် ၂၀၀၈ အခြေခံဥပဒေအရ သတ်မှတ်ထားပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ ပအိုဝ်းတိုင်းရင်းသား ပါတီ ဖြစ်တဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဟာ ဒေသအတွင်းမှာ ရာနှုန်းပြည့် အနိုင်ရပြီး ပါတီဥက္ကဌဖြစ်တဲ့ ဦးခွန်စံလွင်က ဒေသဦးစီးအဖွဲ့ ဥက္ကဌတာဝန်ကို အစိုးရ သက်တမ်း (၂) ကြိမ်ဆက် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာလည်း PNO ပါတီဟာ ဒေသတွင်းမှာ ရာနှုန်းပြည့် အနိုင် ရရှိခဲ့တာကြောင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌတာဝန် ရယူနိုင်မှာ ဖြစ်တဲ့အပြင် ပါတီ ဥက္ကဌ ဦးခွန်စံလွင် အနေဖြင့် အစိုးရသက်တမ်း (၃)ကြိမ်ဆက် တာဝန်ယူရသူ အဖြစ် စံချိန်ကို ရယူနိုင်ဖွယ် အခြေအနေကိုလည်း ကြုံတွေ့ခဲ့ရပါတယ်။

ဒါကတော့ စစ်အာဏာသိမ်းမှု မပြုခင် ပါတီစုံဒီမိုကရေစီအစိုးရ (၂)ဆက် လက်ထက် (၂၀၁၁ - ၂၀၂၁ ) ကာလမှာ PNO ရဲ့ ဖြစ်တည်မှုပါ။ အခြေခံဥပဒေ၏ ကန့်သတ်ချက်အရ ရာနှုန်းပြည့် မဟုတ်သည့်တိုင် ပအိုဝ်းဒေသ အတွက် ပအိုဝ်းပါတီက အုပ်ချုပ်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒေသ ဖွံ့ဖြိုးမှု ရှိခြင်း/မရှိခြင်းကမူ ၎င်းတို့နှင့်သာ သက်ဆိုင်မည် ဖြစ်ပြီး ဆိုလိုရင်းမှာ ဒီမိုကရေစီ၏ အနှစ်သာရကို ဆိုလိုရင်း ဖြစ်သည်။

◾ဘယ်သူအုပ်ချုပ်နေလဲ

စစ်အာဏာသိမ်းခဲ့သည့် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင်မူ ရွေးကောက်ပွဲ (၃)ကြိမ်ဆက် အနိုင်ရခဲ့သော PNO ဟာ ချောင်ထိုးခံရပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌတာဝန်ကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။ အာဏာသိမ်း စစ်ကောင်စီက ဖေဖော်ဝါရီလ (၂)ရက်နေ့တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ တာဝန်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးခွန်ရဲထွေးကို ခန့်အပ်ခဲ့ပါတယ်။ ဦးခွန်ရဲထွေးဟာ ပအိုဝ်းဒေသ၊ ပအိုဝ်းတိုင်းရင်းသားများနှင့် မည်သို့ ဆက်နွယ်နေသည်ကို လေ့လာနိုင်ရန် ၎င်း၏ ကိုယ်ရေးအကျဉ်းကို ဖော်ပြလိုပါတယ်။

ဦးခွန်ရဲထွေးဟာ ပအိုဝ်းတိုင်းရင်းသား ဖြစ်ပြီး ၁၉၆၁ ခုနှစ်၊ ဇန်နဝါရီလတွင် တောင်ငူမြို့မှာ မွေးဖွားခဲ့တာပါ။ သူ့ရဲ့ဇနီးကတော့ ဒေါ်ခင်မြတ်မော် ဖြစ်ပြီး အမြဲတမ်း နေရပ်လိပ်စာကတော့ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ စံရိပ်ငြိမ်(၅) လမ်း၊ အမှတ် (၁၁/ဘီ) ဖြစ်ပါတယ်။ (တောင်ကြီးမြို၊ ကံကြီးရပ်ကွက်၊ ချယ်ရီလမ်း၊ အမှတ်(၃/၁၇)မှာ လက်ရှိ နေထိုင်တယ်လို့လည်း သိရ) ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးရွာ အမကကျောင်း၊ တောင်ငူမြို့ အလက(၂)နဲ့ အထက(၅)၊ ပဲခူးဒေသကောလိပ်၊ မော်လမြိုင်ဒီဂရီကောလိပ်တို့မှာ ပညာသင်ကြားခဲ့ပြီးတော့ B.Sc (Physic) ဘွဲ့ကို ရရှိခဲ့ပါတယ်။ ဦးခွန်ရဲထွေးဟာ စစ်တပ်မှာ ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး သူတာဝန်ထမ်းခဲ့တဲ့ တပ်တွေကတော့ ခလရ(၁၁၃)၊ ခလရ(၂၃၄)၊ ကော့သောင်း စစ်ဗျူဟာ၊ ခလရ (၂၅၉)၊ ခမရ(၅၁၈)၊ ခမရ(၅၁၂)၊ ဘုရင့်နောင်တိုက်ခိုက်ရေးတပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ အမှတ်(၁၄) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နဲ့ အမှတ်(၁၀) တန်းမြှင့်သင်တန်းကျောင်းတို့ ဖြစ်ပါတယ်။ သီးခြား နိုင်ငံရေး၊ လူမှုရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ဖူးခြင်း မရှိဘဲ စစ်တပ်ကနေ ထွက်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု တောင်ကြီးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ပြိုင်ရာမှာ အနိုင်ရပြီး‌တော့ ရှမ်းပြည်နယ်အစိုးရ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ပအိုဝ်းဒေသမှာ ဝန်ထမ်းဘဝက တာဝန် မထမ်းဆောင်ခဲ့ဖူးသလို နိုင်ငံရေးအရလည်း တာဝန်မယူဖူးသူ ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီက သူ့ကို ပြည်ခိုင်ဖြိုး ပါတီဝင် ဗိုလ်မှူးကြီးဟောင်း ပအိုဝ်းတိုင်းရင်းသား တစ်ဦး ဖြစ်တာကြောင့် ပအိုဝ်းဒေသ ဥက္ကဌအဖြစ် ခန့်အပ်ခဲ့ပုံ ရပါတယ်။

◾ပအိုဝ်း ပြည်သူ့စစ် (PNA)

ယခု လတ်တလောမှာ နာမည်ကြီးနေတဲ့ ပအိုဝ်းပြည်သူ့စစ် အဖွဲ့လို့ လူသိများတဲ့ PNA အဖွဲ့ဟာ ၁၉၉၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်မှာ ဥပဒေဘောင်အတွင်းကို ဝင်ရောက်ခဲ့ပြီးတော့ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်မှာ ဌာနေပြည်သူ့စစ် အဖြစ် အသွင်ပြောင်း ဖွဲ့စည်းခဲ့တာကြောင့် စစ်တပ်လက်အောက်ခံ အဖွဲ့တစ်ခုဖြစ်ပါတယ်။ စစ်တပ်က ရံဖန်ရံခါပေးတဲ့ ရိက္ခာနဲ့ လစာကို ရယူပြီး စစ်တပ်ရဲ့ ညွှန်ကြားချက်နဲ့ ဒေသတွင်းမှာ လှုပ်ရှားနေရတာ ဖြစ်ပါတယ်။ လက်နက်ကိုင် အဖွဲ့ဖြစ်တာကြောင့် PNO ရဲ့ မဲရရှိရေးနဲ့ စစ်တပ်အာဏာ ဖြန့်ကျက်မှုကို ရာနှုန်းပြည့် အထောက်အပံ့ ပေးနိုင်တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်းမှာ စစ်တပ် လက်အောက်ခံ အသွင်ပြောင်းဌာနေပြည်သူ့စစ် အဖွဲ့ အတော်များများ ရှိသော်လည်း လူမျိုးရေးကို အခြေခံထားတဲ့ အဖွဲ့ကတော့ မရှိပါဘူး။ PNA ပအိုဝ်းပြည်သူ့စစ် တစ်ဖွဲ့သာလျင် ရှိတာမို့ စဉ်းစားစရာ ဖြစ်ပါတယ်။ MTA(နားရိုင်း)၊ MTA (မတ်ကျန်း)၊ SSS (ဟိုမိန်း) အစရှိသည့် ပြည်သူ့စစ် အဖွဲ့တွေဟာ ဒေသကို အစွဲပြုပြီး ဖွဲ့စည်းထားတာပါ။

◾ ဘယ်သူ အုပ်ချုပ်နေလဲ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ် လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အုပ်ချုပ်နေတာလို့ပဲ အလွယ် ပြောလို့ရပါတယ်။ လူမျိုးရေးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီနဲ့ လက်နက်ကိုင်အဖွဲ့ ရှိနေလျက်၊ အောင်မြင်မှုများ ရှိနေလျက်နှင့် အမည်ခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသာ ဖြစ်ကြောင်း သုံးသပ်ရပါတယ်။

ပအိုဝ်းဒေသဟာ ငြိမ်းချမ်းသောနယ်မြေဟု အသံကောင်းဟစ် နိုင်သော်လည်း အဖိနှိပ်ခံ ဒေသခံများရဲ့ ဆင်းရဲဒုက္ခကို ဒေသခံများကသာ အသိဆုံးပဲ ဖြစ်ပါတယ်။ ဒေသခံ ပအိုဝ်းတိုင်းရင်းသားများဟာ ရိုးသားပြီး ဘာသာရေး ကိုင်းရှိုင်းသူများ ဖြစ်သည်ကို အကြောင်းပြု၍ ခေတ်အဆက်ဆက်က အာဏာရှင်တို့ရဲ့  လူမျိုးရေး၊ ဘာသာရေး မှိုင်းတိုက် ဖိနှိပ်မှုကြောင့် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး၊ လွပ်လပ်ခွင့်ဆိုသည်မှာ ကြားဖူးရုံပင် မရှိသလောက်ပေ။

တစ်ဘက်တွင်လည်း ဘိန်းစိုက်ပျိုးမှုကြောင့် ပအိုဝ်းဒေသဟာ အမည်စိုးနဲ့ ကြော်ကြားလွန်းလှပါတယ်။ မြန်မာဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု ဒုတိယ အများဆုံး ဖြစ်သလို မြန်မာမှာလည်း ရှမ်းပြည်ဟာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာတော့ ပအိုဝ်းဒေသဟာ ဘိန်းစိုက်ပျိုးမှု အများဆုံး ဖြစ်တာမို့ အခြေအနေကို တွေးရှု၍သာ ကြည့်ပါလေ။ ထို့အပြင် ဘိန်းစိုက်ပျိုးနေရ၍ စီးပွားရေး တိုးတက်နေသလားဟု မေးပါကလည်း ဘိန်းစိုက်တောင်သူထက် အာဏာရှင် လက်ပါးစေများကသာ စီးပွားဖြစ်နေသည်က အပြောထက် လက်တွေ့မြင်နေရသည့် သက်သေပင်။

ဘယ်အစိုးရ တက်တက်၊ ကိုယ့်အစိုးရဟူသော လွဲမှားသော ခံယူချက်ကို အာဏာရှင် လက်ပါးစေများက ဒေသခံများအား သွေးထိုးခဲ့မှုက မပြုလုပ်သင့်သော လုပ်ရပ်ပင် ဖြစ်သည်။ မကောင်းသည့်အစိုးရထက် ကောင်းသည့်အစိုးရကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသည်ကို ဒေသခံများ မသိလေသည်ထက် အသိမခံသည့် အဖြစ်က ဆိုးရွားလှပေသည်။

◾ စဉ်းစားကြလော့

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသခံများအတွက် ရွေးချယ်စရာ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်များ ရှိနေပေသေးသည်။ ပအမဖ ဟု လူသိများသော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ပါတီနှင့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တို့ ဖြစ်သည်။ ယင်းအဖွဲ့များသည် ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းများ ဖြစ်သည့်အပြင် လက်ရှိ အချိန်ထိ အာဏာသိမ်း စစ်ကောင်စီနှင့် ပူးပေါင်းမှု မရှိသော ဒီမိုကရေစီကို အရင်းခံသော အဖွဲ့အစည်းများ ဖြစ်သည်ဟု လေ့လာမိသည်။ ဖော်ပြပါ အဖွဲ့များကို ထောက်ခံရန်အတွက် ဖော်ပြခြင်း မဟုတ်၊ သိလို၍သာ ဖော်ပြခြင်းသာ ဖြစ်သည်။ မည်သူကို ထောက်ခံရမည် ဆိုသည်မှာ မိမိတို့၏ အခွင့်အရေးမို့ မိမိတို့ ကိုယ်တိုင်သာ ဆုံးဖြတ်သင့်ပေသည်။

ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့နှင့် အနီးဆုံးတွင် တည်ရှိသည့် ဒေသ ဖြစ်နေလျက်၊ ရိုးသား၍ ကြိုးစားသော တိုင်းရင်းသားများ ဖြစ်နေလျက်၊ ရေခံ/မြေခံ ကောင်းမွန်သော သဘာဝရင်းမြစ်များ ဖြစ်နေသော ဒေသတွင် နေထိုင်ခွင့် ရလျက်နှင့် ဖွံ့ဖြိုးမှု မရှိဘဲ အာဏာရှင် လက်အောက်တွင် မိမိတို့ရဲ့ လွတ်လပ်ခွင့် အခွင့်အရေးများ ဆုံးရှုံးနေကြရသည်မှာ မည်သို့ကြောင့် ဖြစ်သည်ကို စဉ်းစားသင့်ချိန် တန်ပြီ ဖြစ်သည်။

သို့အဖြစ် ပအိုဝ်းတိုင်းရင်းသား လူငယ် Gen Z များ၊ အခြားသော ဒီမိုကရေစီ လိုလားသည့် ပအိုဝ်းတိုင်းရင်းသား အဖွဲ့အစည်းများနှင့်အတူ စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်နေကြသည့် နွေဦးတော်လှန်ရေးတွင် ပါဝင်သင့်လား၊ စစ်အာဏာရှင်ကို ဘုရင်အဖြစ် အသိအမှတ်ပြုကာ စစ်ကျွန်ဘဝဖြင့် အသက်ဆက်သင့်လား ဆိုသည်ကို ကိုယ်တိုင်သာ ဆုံးဖြတ်ကြပါဟု တိုက်တွန်းလို‌ပေသည်။

◾မမုန်းကြပါနဲ့

အခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှစ်မများကို သတင်းစကား ပါးလိုသည်မှာ ယနေ့ အမည်ဆိုးဖြင့် ကျော်ကြားနေသော စစ်တပ် လက်အောက်ခံ PNA ပြည်သူ့စစ်အဖွဲ့သည် ပအိုဝ်းတိုင်းရင်းသားများ အားလုံနှင့် သက်ဆိုင်မှု မရှိဘဲ စစ်‌အာဏာရှင်ကို တွန်းလှန်‌နေဆဲ ဖြစ်သည့် အပြင် နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးထိန်းသိမ်းခံထားရသော ပအိုဝ်းတိုင်းရင်းသား လူငယ် ပြည်သူများ၊ နိုင်ငံရေးသမားများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် သတင်းမီဒီယာသမားများ ရှိနေသည်ကို သတိချပ်လို့ အသိကပ်ပြီး ပအိုဝ်းတွေကို မမုန်းပါနဲ့ဟုသာ။