အမေ့ကျေးဇူးဘယ်လိုဆပ်မလဲ

အမေ့ကျေးဇူးဘယ်လိုဆပ်မလဲ
By ဦးခင်မောင်မြင့်(ရွှေမဟာ)
ဒီနေ့ဟာ ပြာသိုလပြည့်နေ့ပါ။ ဒီနေ့ကို အမေများနေ့အဖြစ် သတ်မှတ်ပြီး အမေများရဲ့ ဂုဏ်ကျေးဇူးကို သတိတရ ရှိနိုင်ပြီး၊ ပူဇော်နိုင်ခွင့်ရှိလာအောင် နှိုးဆော်ပေးတဲ့နေ့မြတ်ပါပဲ။

အမေ့သွေးသားတွေပေါ်မှာ သန္ဓေတည်၊ အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေ့ကျေးဇူး၊ အမေ့အရိပ်အာဝါသအောက်ခိုလှုံ၊ အမေ့ရဲ့ ပြုစုယုယပျိုးထောင်မှုအောက်မှာ လူဖြစ်လာကြတယ်။

မိမိဖန်လာခဲ့တဲ့ အတိတ်ကံ အကောင်း အဆိုးကြောင့်၊ ကိုယ်အင်္ဂါစုံခြင်း၊ မစုံခြင်း၊ ရုပ်ရည်ချောမော တင့်တယ်မှု ရှိခြင်းမရှိခြင်း၊ ဆင်းရဲ ချမ်းသာမိသားစု အသိုင်းအဝိုင်းမှာ လူဖြစ်ရခြင်း စတာတွေဟာ မွေးဖွားပေးတဲ့အမေနဲ့ တိုက်ရိုက် သက်ဆိုင်မှုမရှိပါဘူး။

ဒါတွေဟာ မိမိကိုယ်တိုင် မျိုးစေ့ချထားခဲ့တဲ့ အသီးအပွင့်ကိုမိမိခံစားရတာပါပဲ။

အမေ့ရဲ့ ဘဝပေးအရ အမေဟာ ပြည့်တန်ဆာဖြစ်နေပါစေ၊ တောင်းရမ်းစားသောက်နေရသူ၊ ကြည့်တန်ရုပ်ဆိုး အင်္ဂါမစုံသူ ဖြစ်နေပါစေ၊ ကိုယ့်ကို လူဖြစ်အောင်မွေးပေးတာနဲ့တင် ဆပ်မကုန်တဲ့ အမေ့ကျေးဇူးတွေကိုယ့်အပေါ်တင်နေပါပြီ။

လောကီသဘောနဲ့ ပြောရရင် ဘယ်လိုအကြောင်းနဲ့ဖြစ်ဖြစ် အမေ့အပေါ်မှာ ဘယ်ကံနဲ့မှ မပြစ်မှားမိဖို့ သတိပြုရမှာပါ။

ကိုယ်ဟာ အမေပေးထားတဲ့ အမေ့ ကိုယ်ပွားပါပဲ၊ ဒါကြောင့် ကိုယ်ရှာဖွေရသမျှထဲက အမေ့အတွက်ဦးစားပေးပြီးမှ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်စဉ်းစားပါ၊ ဘာကြောင့်လည်းဆိုတော့ တစ်နေ့တစ်ခြား အိုမင်းမှုနဲ့အတူ သေမင်းဆီရောက်ခါနီးတဲ့အမေ့ကို ကျေးဇူးဆပ်ရမဲ့အချိန်နည်းလာပြီဖြစ်လို့ပါ။

လောကုတ္တရာတရားနဲ့ပြောရရင် အမေမွေးပေးလို့ မြတ်ဗုဒ္ဓသာသနာရဲ့သ ာသနာခေတ်ကောင်း
(ဝိမုတ္တိယုဂခေတ်)ကို ကြုံဆုံခွင့်ရတာပါ။ (ဗုဒ္ဓဘာသာအရ ပြောတာပါ)။ မိမိကိုယ်တိုင် ခန္ဓာဉာဏ်ရောက် သေချာစွာကျင့်ကြံအားထုတ်ရင် တစ်ဘဝတည်းနဲ့နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ အခြေအနေပါ။ ဒါဟာ အမေမွေးပေးလို့၊ ကြုံခွင့်ရ၊ ကိုးကွယ်ဆည်းကပ်၊ ကျင့်ကြံခွင့်ရတဲ့ အမြတ်ဆုံး အမြင့်ဆုံး အဖိုးအထိုက်တန်ဆုံး ရလဒ်ပါပဲ။

ဒါကြောင့် အမေရှိသေးသူများ "အမေရှိစဉ် အမေ့တန်ဖိုးသိစေချင်ပါတယ်။ အမေ့အပေါ် တာဝန်ကျေစေချင်ပါတယ်၊ သားသမီးတွေဆီက ဘာမှမမျှော်လင့်ပါဘူးဆိုတဲ့ စကားအမေ တော်တော်များများက ပြောတတ်ပေမဲ့၊တကယ်တမ်းတော့ သားသမီးရဲ့ သိတတ်မှု၊ လိမ္မာရေးခြားရှိမှု၊ အလိုက်သိမှုကိုတော့ အမေတိုင်းရဲ့ ရင်ထဲမှာတောင့်တမှုရှိနေမြဲပါပဲ။

အမေဆိုတာ သားသမီးတိုင်းရဲ့လောကီချမ်းသာမှုကို အထူးလိုလားသူတွေ ဖြစ်သလို၊နောင်တမလွန်ခရီးအတွက်လည်း ကြိုတင်မှန်းဆပူပင်တတ်သူတွေပါ။

"အမေ့ကို ဒီနေ့ ချက်ချင်းကျေးဇူးဆပ်နိုင်ပါစေ၊ မနက်ဖြန်ဆိုတာ အမေရှိနေဖို့မသေချာတော့ပါ။"