ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီးခံရသည့် တာဝန်ခံ အယ်ဒီတာအပါအဝင် (၃)ဦးကို ၅၀၅(က)နှင့် အမှုဖွင့်ပြီး တောင်လေးလုံးထောင် ပို့

ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီးခံရသည့် တာဝန်ခံ အယ်ဒီတာအပါအဝင် (၃)ဦးကို ၅၀၅(က)နှင့် အမှုဖွင့်ပြီး တောင်လေးလုံးထောင် ပို့
မတ် 25, 2021 | ရှမ်းတောင်

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးမြို့တွင် အခြေစိုက်သည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ ဖမ်းဆီးခံရသူ (၄)ဦးအနက် တစ်ဦးကို ယနေ့ မတ်လ(၂၅)ရက်နေ့ ညနေပိုင်းက ပြန်လွှတ်ပေးလိုက်ပြီး ကျန်(၃)ဦးကို ၅၀၅(က)ဖြင့် အမှုဖွင့်ကာ တောင်လေးလုံးအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယနေ့ မတ်လ(၂၅)ရက်နေ့အကူးပိုင်းတွင် ကမ္ဘောဇတိုင်းသတင်းဌာန၏ ဟိုပုံးမြို့ရှိ ရုံးခွဲ၌ ဖမ်းဆီးခံရသည့်  သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နှင့်  နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ကို ဖမ်းဆီးခေါ်သွားခြင်းဖြစ်ပြီး စိုင်းစည်သူကို ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသည့်  တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီနှင့် ထုတ်ဝေသူ ဦးတင်အောင်ကျော်တို့ကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး တောင်လေးလုံးအကျဉ်းထောင်သို့ တခါတည်း ပို့ဆောင်ထားလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ 

၂၀၂၁ခုနှစ် မတ်လဒုတိယအပတ်တွင်းကလည်း  ကမ္ဘောဇတိုင်းသတင်းဌာန၏ အယ်ဒီတာချုပ်ဖြစ်သူ၏ နေအိမ်ကိုလည်း စစ်တပ်နှင့်ရဲတို့က ဝင်ရောက်ရှာဖွေသိမ်းဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း နှင့် ကမ္ဘောဇတိုင်းသတင်းဌာနသည် လက်ရှိအချိန်ထိ တရားဝင်သတင်းမီဒီယာတစ်ခုဖြစ်ပြီး  လက်ရှိအခြေအနေအရ သတင်းသမား အားလုံးကို ဖေဖော်ဝါရီလ (၁၀)ရက်နေ့ ကတည်းကပင် အလုပ်မှ နှုတ်ထွက်ခွင့်ပြုပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံအတွင်း၌ ဖမ်းဆီးခံရသည့် သတင်းသမားစုစုပေါင်း (၄၈)ဦးနှင့် သတင်းဌာနနှင့် ဆက်စပ်သူ (၂) ဦးရှိပြီဖြစ်ပြီး ယင်းအပြင် သတင်းဌာန (၅) ခုထုတ်ဝေခွင့် ပိတ်သိမ်းခံထားရပြီး သတင်းဌာန(၁)ခုလည်း တရားစွဲဆိုခံထားရသည်။