ရှမ်းပြည်နယ်အတွင်း သားသတ်လုပ်ငန်း လေလံများ မရောင်းချနိုင်ပါက  ပြည်နယ်စည်ပင် ညွှန်မှူးက EO များ ကို အပြောင်းအရွှေ့ဖြင့် ဖိအားပေး ခြိမ်းခြောက်ထား

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း
ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်း
ရှမ်းပြည်နယ်အတွင်း သားသတ်လုပ်ငန်း လေလံများ မရောင်းချနိုင်ပါက  ပြည်နယ်စည်ပင် ညွှန်မှူးက EO များ ကို အပြောင်းအရွှေ့ဖြင့် ဖိအားပေး ခြိမ်းခြောက်ထား
မတ် 1, 2022 | ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း စည်ပင်သာယာရေးဌာနများ၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ် အခွင့်ရေးလိုင်စင်များကို ဈေးပြိုင်လေလံပစ်ရာတွင် သားသတ်လုပ်ငန်းများကို အဓိက ထားပြီး  လေလံရောင်းထွက်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ရလာဒ် မကောင်းပါက အပြောင်းအရွှေ့ကိစ္စ ထည့်သွင်းစဉ်းစားပေးမည် မဟုတ်ကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ခြိမ်းခြောက် ဖိအားပေးထားကြောင်း သိရသည်။

သားသတ်လေလံကို ရအောင် ရောင်းခိုင်းထားတယ်။ မှန်းချက်နဲ့ မကိုက်ရင်၊ ရောင်းမချရရင် EO တွေကို အပြောင်းအရွှေ့တွေနဲ့ ဖိအားပေးထားတယ်

ဟု အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ခေတ်ကာလအခြေအနေအရ ဈေးသည်နှင့်လုပ်ငန်းရှင်များမှာ စီးပွားရေး အဆင်မပြေလည်မှုများရှိလာသည့်အတွက် ပြည်သူသက်သာချောင်ချိရေးအတွက် ငဲ့ညှာခြင်းမရှိဘဲ စည်ပင်အတွက် ဘတ်ဂျတ်ရရှိရေးအတွက်သာ ဦးစားပေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

အရောင်းအဝယ်က ပါးပါတယ်ဆိုနေမှ ယှဉ်ပြိုင်စနစ် လုပ်လိုက်တာ။ ဘယ်လိုမှ ညှိလို့လည်း မရဘူး။  အစည်းဝေးမှာ  EO ပြောတဲ့ စကားက သားသတ်လုပ်ငန်းကို လေလံစနစ်လုပ်မယ်။ ယှဉ်ပြိုင်စနစ်လုပ်မယ်တဲ့။ ဘာမှ စာလည်းတင်လို့မရဘူး၊ ဘာမှလည်း ပြောင်းလဲလို့မရဘူး။ ပိုက်ဆံရှိတဲ့သူက ရသွားမယ်။ ပိုက်ဆံရှိတဲ့သူက နိုင်သွားမှာပဲ။ ကျွန်တော်တို့က ဘတ်ဂျတ်လိုတယ်။ ဘတ်ဂျတ်ရဖို့ လုပ်မယ်တဲ့ အဲ့လိုပြောတယ်။

ဟု တာချီလိတ်မြို့မှ ဈေးသည်တစ်ဦးက ပြောသည်။ 

ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းအတွက် ငွေရှာပေးနိုင်သူများ နှင့် ၎င်းနှစ်သက်သည့် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိများ(EO) နှင့် တာဝန်ခံအင်ဂျင်နီယာများကို မြို့ကြီးများသို့ ပြောင်းရွှေ့ ချထားပေးတတ်ပြီး ၎င်းသည် ခေတ်ကာလအခြေအနေအရ အောက်ခြေ၏ အခက်အခဲများကို မကြည့်တတ်သူဖြစ်ကြောင်း ဌာနတွင်း၌ ပြောဆိုနေမှုများရှိနေသည်။ 

သူက အဲ့လိုဘဲ အမြဲချိန်းခြောက်တာ ခေတ်အခြေနေလည်း မစဉ်းစားပေးတတ်ဘူး။ သူကြိုက်တဲ့သူဆို မြို့ကောင်း၊ နေရာကောင်းရတယ်။

ဟု အမည်မဖော်လိုသူ Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅)မြို့နယ်အနက် Tachileik News Agency ၏ စုံစမ်းမှုများအရ  သားသတ်လုပ်ငန်း လေလံ ကြမ်းခင်းဈေးအနေဖြင့် လားရှိုးမြို့နယ်တွင်  ဝက်၊ ဆိတ်၊ အမဲ သားသတ်လုပ်ငန်း နေရာပေါင်း(၃၃)နေရာ အတွက် ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၇,၄၀၀) ကျော်ရှိပြီး တာချီလိတ်မြို့နယ်အနေဖြင့်  ဝက်၊ ဆိတ်၊ အမဲ နေရာပေါင်း (၂၁)နေရာအတွက် ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၅,၇၀၀)ကျော်ရှိသည်။

ယင်းအပြင်၊ မိုင်းဆတ်မြို့နယ် အနေဖြင့် ဝက်၊ ဆိတ်၊ အမဲ နေရာပေါင်း (၆)နေရာအတွက် ကြမ်းခင်းဈေး (၃၁၅)သိန်းကျော်ရှိပြီး  မိုင်းပျဉ်းမြို့တွင် မြို့မဈေး အပါအဝင်  ဝက်၊ အမဲ နေရာပေါင်း (၅)နေရာအတွက် ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၁၇၀)ကျော်ရှိကာ ဆီဆိုင်မြို့တွင် ဝက်၊ ဆိတ်၊ အမဲ နေရာ(၂၁)နေရာအတွက် ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း (၉၀၀)ကျော် ရှိကြောင်း နှင့် ကျောက်မဲမြို့နယ်တွင် ဗဟိုဈေးအပါအဝင် နောင်ပိန် နှင့် မိုင်းငေါ့အထိ ဝက်၊ ဆိတ်၊ အမဲ သားသတ်လုပ်ငန်း နေရာပေါင်း (၂၂)နေရာအတွက် ကျပ်သိန်းပေါင်း(၂၀၀၀)ကျော်ရှိကြောင်း သိရသည်။

ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း (၅၅)မြို့နယ်တို့တွင်  ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ဈေးပြိုင်လေလံရောင်းချမှုများကို ၂၀၂၂ခုနှစ် မတ်လ(၁)ရက်နေ့က စ၍ စတင်ရောင်းချနေခြင်း ဖြစ်ပြီး လေလံများတွင် သားသတ်လုပ်ငန်းအပါအဝင် ဘီးကောက်၊ ဈေးကောက်၊ ဈေးယာဉ်စောင့် နှင့် ဈေးအိမ်သာစောင့်များ အပြင် အပေါင်ဆိုင်များအတွက်ပါ ဈေးပြိုင် လေလံရောင်းချမှုများ ပါဝင်သည်။