နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်ဗုံးအသုံးပြုတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာအနီးဝန်းကျင်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်သင့်ဗုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)ထံမှ သိရသည်။

သက်ကုန်းရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲပြင်းထန်နေရာ ယနေ့ ၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့ ညနေ(၃)နာရီခွဲတွင် စစ်ကောင်စီတပ်က ဓာတုအဆိပ်သင့်ဗုံးများ လေကြောင်းမှတစ်ဆင့် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ ဓာတုအဆိပ်သင့်ဗုံးများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ မူးမော်ခြင်းနှင့် အော့အန်ခြင်းဝေဒနာများ ခံစားခဲ့ရသည်ဟုလည်း ဆိုသည်။

စစ်ကောင်စီသည် မြေပြင်တိုက်ပွဲများတွင် အရေးမသာတော့သဖြင့် လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ကူများ အလွန်အကျွံအသုံးပြု၍ စစ်ဆင်ရေးများ လုပ်ဆောင်လာသည်ဟုလည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် သရက်ကုန်းစခန်းကို လက်လွှတ်ခဲ့ရပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှု (၄၃)ကြိမ်အထိ ပြုလုပ်ခဲ့သည်ဟု သိရသည်။

နောင်ချိုမြို့နယ် သရက်ကုန်းစခန်းအား ပြန်လည်ရရှိရန် စစ်ကောင်စီဘက်မှ မြေပြင်အင်အားအလုံးအရင်းနှင့်သာမက လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့်ပါ နေ့စဉ်အပြင်းအထန် ထိုးစစ်ဆင်နေသော်လည်း အဆိုပါစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Video: ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)