မြဝတီမြို့ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွား

မြဝတီမြို့ရှိ  မြန်မာ-ထိုင်း ချစ်ကြည်ရေး အမှတ်(၂) တံတားအနီး ယနေ့  ၂၀၂၄ခုနှစ် ဧပြီလ (၂၁)ရက်နေ့၏ နံနက်ပိုင်းတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နံနက် (၉)နာရီခန့်မှစ၍ ခေတ္တငြိမ်သက်နေကြောင်း သိရသည်။

“လက်နက်ကြီး ပစ်သံတွေ တောက်လျှောက်ကြားနေရတယ်။ ညပိုင်းက Y12တွေနဲ့ ဗုံးကြဲတဲ့ အသံတွေကြားရတယ်။ တံတားအောက်က ကောင်တွေကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပစ်နေပြီး၊ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေကို တပ်က လေယာဉ်နဲ့ ပြန်ပစ်နေတာမျိုးထင်တယ်”ဟု မဲဆောက်မြို့နေ ဒေသခံတစ်ဦးက Tachileik News Agencyသို့ပြောသည်။

ယနေ့ နံနက် (၄) နာရီခန့်တွင် အမှတ် (၂) တံတား ဝဲယာကို တပ်မှ ရှေ့နောက် (၄)စီးဆက်တိုက် လာရောက်၍ ဗုံး (၁၂)လုံးအထိကျဲချသွားကြောင်း KNU ဗဟိုမှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ အပြန်အလှန် တိုက်ပွဲဖြစ်ပွားနေသည့် အမှတ် (၂) တံတားအနီးရှိ သံတံတားရပ်ကွက်တစ်ခုလုံး စစ်ဘေးရှောင်နေရပြီး၊ မြဝတီမြို့အတွင်း ဒေသခံပြည်သူအနည်းငယ်သာ ကျန်ရှိတော့ကြောင်း သိရသည်။

စစ်ကောင်စီ၏ အဆင်အခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူလူထုနေအိမ်နှင့် အဆောက်အဦးများ ထိခိုက်မှုများရှိနေကြောင်း KNU ၏ ထုတ်ပြန်ချက်အရသိရသည်။

မြဝတီမြို့၏စစ်ရေးအခြေအနေကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ သတိထား စောင့်ကြည့်လျှက်ရှိပြီး ထိုင်းနိုင်ငံဘက်မှ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းတလျှောက် လုံခြုံရေးအထူးတင်းကျပ်ထားကြောင်း သိရသည်။

#TachileikNewsAgency