ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တော်လှန်ရေးတပ်များ ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ တောင်ကြာအင်းရဲစခန်းနှင့် အ.ထ.ကကျောင်းတို့တွင် တပ်စွဲထားသော အင်အား(၃၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက (၆၀)မမနှင့် (၄၀)မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

၎င်းတပ်စခန်းတို့ကို ၂၀၂၃ ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ ‌ညပိုင်းတွင် ကျားဖြူစစ်ကြောင်း တပ်ရင်းရုံးတပ်ခွဲ၊ တပ်ရင်းရုံးလုံခြုံရေးတပ်ခွဲ (Southern Eagle-PDF)၊ တပ်ခွဲ-၄၊ တပ်ခွဲ-၅ (Justice Soldier-PDF)တို့မှ ပူးပေါင်း၍ ဒရုန်းများ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

အဆိုပါပစ်ခတ်မှုကြောင့် ပြန်ဆုတ်ခွါသွားသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ဗောဓိကုန်းလက်နက်ကြီးကုန်းအား ယနေ့ဇူလိုင်လ (၁၃)ရက်နေ့ နေ့လည်ပိုင်းတွင် (၆၀)မမဖြင့် ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ပြီး တော်လှန်ရေးတပ်များ၏ ဒရုန်းပစ္စည်းအချို့ ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။

၎င်းစစ်ကောင်စီတပ်များနှင့် အချိန်မရွေး တိုက်ပွဲဖြစ်ပွားနိုင်ခြင်းကြောင့် စစ်ကောင်စီတပ်များ တပ်စွဲထားရာ နေရာများ၊ စခန်းများနှင့် ၎င်းတို့နှင့် ပတ်သက်ရာနေရာများနှင့် အနည်းဆုံး မီတာ(၃၀၀) အကွာတွင် နေထိုင်ကြရန် မေတ္တာရပ်ခံထားသည်။

#TachileikNewsAgency

Video : Albino Tiger Column