စစ်ကောင်စီတပ်က မူဆလင်များအား စစ်သင်တန်းပေးနေသည့်ရုပ်သံ ထပ်မံထွက်ပေါ်လာ

ရခိုင်ပြည်နယ်တွင် မူဆလင်များကို စစ်မှုထမ်းရန် ခေါ်ဆောင်ခြင်းမရှိဟု လိမ်လည်နေသည့် စစ်ကောင်စီတပ်က မူဆလင်ဒုက္ခသည်ရာချီကို စစ်သင်တန်းပေးနေသည့် ရုပ်သံမှတ်တမ်း လူမှုကွန်ယက်စာမျက်နှာတွင် ထပ်မံထွက်ပေါ်လာသည်။

မူဆလင်ရာချီကို ကားများဖြင့်တင်ဆောင်ကာ သေနတ်များပေးကိုင်ပြီး စစ်သင်တန်းပေးနေသည့်ရုပ်သံမှာ ထပ်မံထွက်ပေါ်လာပြီး ယမန်နေ့ကလည်း ကျောက်ဖြူမြို့နယ်ရှိ မုန်တိုင်းဒဏ်အတွက် ပြင်ဆင်ထားသည့် အဆောက်အဦးအတွင်း လူ(၂၀၀)နီးပါးကို စစ်ဝတ်စုံများ ဝတ်ခိုင်းထားသည့်ရုပ်သံထွက်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မူဆလင်လူငယ်လူရွယ်များကို စစ်မှုထမ်းရန် စစ်ကောင်စီတပ်က အတင်းစုဆောင်းနေသော်လည်း စစ်ကောင်စီကမူ ၎င်းတို့ပိုင် ဝါဒဖြန့်ဌာနများမှတဆင့် စစ်သားအဖြစ် စုဆောင်းခြင်းမရှိဟု ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် လိမ်လည်ထုတ်ပြန်ခဲ့သည်။

“မြန်မာနိုင်ငံသား မဟုတ်ရင် မခေါ်ပါဘူး။ ဘင်္ဂါလီလူမျိုးတွေကို ခေါ်ယူခြင်းလည်းမရှိပါဘူး။”ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့ပိုင်ဌာနများတွင် ဖေဖော်ဝါရီလ (၂၉)ရက်နေ့က ပြောဆိုခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်တွေအမြောက်တပ် အမတ(၃၇၃)တွင် မူဆလင်(၃၁၅)ယောက်ကို ဆန်တစ်အိတ်၊ ငွေကျပ်(၅)သောင်းပေး၍ စစ်သင်တန်းပေးသည့်အပြင် ဘူးသီးတောင်မြို့ စစ်ကောင်စီတပ်နယ်တွင်လည်း မူဆလင်(၃၀၀)ကျော်ကို အတင်းစုဆောင်း၍ သင်တန်းပေးကာ ကျောက်ဖြူ ကျောက်တစ်လုံး မွတ်ဆလင်စခန်းမှ အသက်(၁၈)နှစ်မှ (၅၀)နှစ်အကြား မူဆလင်(၁၁၇)ဦးကိုလည်း စစ်သင်တန်းပေးနေသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

၎င်းတို့ပိုင်ဌာနများမှ ဖော်ပြချက်အရ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "အဲဒီလိုမျိုး မရှိပါဘူး။ ဘင်္ဂါလီတွေက နိုင်ငံသားလည်းမဟုတ်ဘူး။ ပြီးတော့ စစ်မှုထမ်း ဥပဒေကလည်း အခုအချိန်ထိ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးအဖွဲ့တွေပဲ ဖွဲ့ရသေးတယ်။ ခရိုင်၊ မြို့နယ်၊ ရပ်ကျေးစတဲ့အဖွဲ့တွေ အများကြီးဖွဲ့ရဦးမှာ။ နည်းဥပဒေလည်း ထုတ်ပြန်ရဦးမှာ။ အဲဒါတွေ လုပ်ရဦးမှာဆိုတော့ အခုထွက်နေတဲ့သတင်းတွေက မဟုတ်ဘူး။ ဒီမှာတော့ အဲဒီလိုတွေမရှိဘူး။”ဟု ပြောဆိုလိမ်လည်ခဲ့သည်။ 

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် စစ်တွေ၊ မောင်တော၊ ကျောက်ဖြူမြို့တို့ရှိ မူဆလင်များကို စစ်သင်တန်းပေးနေသည့်အပြင် တခြားသော မူဆလင်ဒုက္ခသည်စခန်းများတွင်လည်း လူစာရင်းကောက်ယူနေခြင်းများလည်းရှိသည်ဟု သိရသည်။

အမျိုး၊ ဘာသာ၊ သာသနာဟု ကြွေးကြော်ပြီး ဒေါ်အောင်ဆန်းကြည် အုပ်ချုပ်ပါက ကုလားနိုင်ငံဖြစ်မည်ဟု ပြောဆိုခဲ့ကြသည့် အမျိုးသားရေးသမားများမှာ ယခုကိစ္စနှင့်ပတ်သက်၍ မည်သည့်ဝေဖန်မှုမျှမတွေ့ရပေ။

#TachileikNewsAgency