စစ်ကောင်စီလော်ဘီများက သတင်းမှားဟု ဝါဒဖြန့်ထားသည့် ဧလာလေတပ်စခန်းကို ဗုံးသီးချတိုက်ခိုက်မှုရုပ်သံကို PDF တပ်များထုတ်ပြန်လာ

အာဏာသိမ်းစစ်ကောင်စီတပ် ထောက်ခံသူများက သတင်းမှားဟု ဝါဒဖြန့်နေသည့် နေပြည်တော်ရှိ ဧလာစစ်ကောင်စီ လေတပ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုရုပ်သံကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၇)ရက်နေ့တွင် ကျားသံလုံးစစ်ကြောင်း (Iron Tiger Battalion) စစ်ရေးသတင်းနှင့် သတင်းပြန်ကြားရေးက ဖော်ပြလာသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၅)ရက်နေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဧလာစစ်ကောင်စီ လေတပ်စခန်းအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကို (၃၀၂)ဧလာတပ်ရင်းနယ်မြေ စစ်တောင်းမြစ်အနီးမှ စစ်ဆင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်များက ဧလာလေတပ်စခန်းရှိ စစ်လေယာဉ်များ ထားရှိရာနေရာပေါ်သို့ ဒရုန်းဖြင့် ဖျက်အားပြင်း မိုင်း(၂)လုံးအား ကြဲချ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကို ကျားသံလုံးစစ်ကြောင်း၏ ပြောက်ကျားတပ်ဖွဲ့နှင့် Lethal Prop (Shar Htoo Waw Team-1) ဒရုန်းအဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာသီဥတုဆိုးရွားမှု၊ နယ်မြေအခက်အခဲနှင့် နေပြည်တော်လုံခြုံရေးတင်းကြပ်ထားသည့်ကြားက အဆိုပါ လေတပ်စခန်းနှင့် အနီးဆုံးသို့ သွားရောက်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပျက်အစီး ထိခိုက်မှုအခြေအနေကို မသိရသေးပါ။ 

စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ နေပြည်တော်ကောင်စီနယ်မြေ၊ ဧလာမြို့ရှိ စစ်ကောင်စီလေတပ်စခန်းအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရခြင်းမျိုးမရှိဘဲ အများအထင်လွဲမှားစေရန် စိတ်ကူးပုံဖော် လုပ်ကြံရေးသားထားခြင်းသာဖြစ်သည်ဟု သတင်းကိုဖုံး၍ ဝါဒဖြန့်ထားသည်။

#TachileikNewsAgency

Video : ကျားသံလုံးစစ်ကြောင်း-သံတောင်မြောက်ပိုင်းအထူးဒေသ