လောက်ကိုင် ဒကစ ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ စစ်ကောင်စီတပ်၏ လောက်ကိုင် ဒကစအား အပြီးသတ်သိမ်းပိုက်နိုင်ရန် ကြိုးစားနေသည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့က ယမန်နေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ ညပိုင်းတွင် လောက်ကိုင် ဒကစကို MNDAAက သိမ်းပိုက်လိုက်ပြီဖြစ်ပြီး စစ်ကောင်စီတပ်သားအများအပြား လက်နက်ချသည့် ရုပ်သံများလည်း လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ထွက်ပေါ်ခဲ့သည်။

လောက်ကိုင် ဒကစမှူးနှင့် MNDAA တပ်များ ညှိနှိုင်းကြပြီးနောက် စစ်ကောင်စီတပ်များ လက်နက်ချသဖြင့် လောက်ကိုင်မြို့ကို MNDAA က သိမ်းယူနိုင်ခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

လက်နက်ချလိုက်သည့် စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များကို လားရှိုးမြို့သို့ ပို့ဆောင်ပေးမည်ဟုလည်း သတင်းထွက်ပေါ်နေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး MNDAA၏ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို Tachileik News Agencyက ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။

လူမှုကွန်ရက်စာမျက်နှာတွင် ပျံ့နှံ့လာသည့် ရုပ်သံများအရ စစ်ကောင်စီတပ်သားများမှာ MNDAAထံ လက်နက်၊ ခဲယမ်းများအပ်နှံပြီး စစ်ကားများ၊ ကုန်ကားများဖြင့် ပြောင်း‌ရွှေ့ရန် ပြင်ဆင်နေသည်ကို တွေ့ရသည်။

ထို့အပြင် ဒကစ ဝန်းအတွင်းသို့ MNDAAတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှင်းလင်းခြင်း၊ ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်သို့ ဝင်ရောက်ရှင်းလင်းခြင်းများ လုပ်နေသည့် ရုပ်သံများလည်း ထွက်ပေါ် လာခဲ့သည်။

လောက်ကိုင်ကို ကာကွယ်‌ရန် စစ်ကောင်စီက တပ်မ(၅၅)ကိုလည်း စစ်ကူပို့ထားခြင်းဖြစ်ပြီး ရဲ၊ ပြည်သူ့စစ်၊ စကခ(၁၂)၊ စကခ(၁၆)၊ စကခ(၁၄)မှ တပ်ဖွဲ့များလည်း ရှိနေခြင်းဖြစ်သည်။

#TachileikNewsAgency