မုန်းတိုက်ပွဲအတွင်း လက်နက်ချတပ်သားများနှင့် မိသားစုဝင်များကို စစ်ကောင်စီလေကြောင်းပစ်ခတ်၍ ပြည်သူ့ကာကွယ်ရေးတပ်များက ဘေးကင်းရာသို့ ကယ်တင်ခဲ့ရ

ပဲခူးတိုင်း မုန်းတိုက်ပွဲအတွင်း လက်နက်ချ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များကို စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် တော်ဝင်ဒေါင်းစစ်ကြောင်းက ကယ်ဆယ်ပေးခဲ့ရသည့် ရုပ်သံကို ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့တွင် ဖော်ပြလာသည်။

စစ်တပ်မိသားစုဝင်များတွင် ကလေးငယ်များ၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများပါဝင်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ကြီး၊ လက်နက်ငယ် အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ခမရ (၅၉၀)အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ (၈၄)မှ စစ်ကောင်စီတပ်သား (၁၉)ဦးခန့်မှာ လက်နက်ချ အညံ့ခံခဲ့ပြီး ဝန်းအတွင်းရှိ တပ်မိသားစုဝင် (၄၂)ဦးကိုလည်း စစ်သုံ့ပန်းဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သားများမှာ ခလရ (၈၄)မှ ဗိုလ်မှူး ကျော်လတ်ခိုင် (၃၉)နှစ် ဒုရင်းမှူး၊ ဗိုလ်ကြီး အာကာစိုး (၃၃)နှစ် တပ်ခွဲမှူး၊ ဗိုလ်ကြီး နိုင်နိုင်ထွန်း (၃၄)နှစ် အင်ဂျင်နီယာ တပ်စုမှူး၊ ဒုအရာခံဗိုလ် လှသိန်း (၅၈)နှစ် အထွေထွေ၊ ဒုအရာခံဗိုလ် သန်းအောင် (၅၁)နှစ် အထွေထွေ၊ တပ်ကြပ် စန်းဦး (၃၂)နှစ် တပ်စိပ်မှူး၊ တပ်ကြပ် ထူးကိုကို (၃၃)နှစ် အထွေထွေ၊ တပ်ကြပ် ဟန်ထွန်း (၄၈)နှစ် ယာဉ်မောင်း၊ ဒုတပ်ကြပ် မောင်ဇော် (၄၀)နှစ် အထွေထွေ၊ တပ်သား သူရလင်း (၃၃)နှစ် ရဲဘော်၊  တပ်ကြပ် တောလူ (၅၄)နှစ် တပ်စိတ်မှူး၊ တပ်သား ဝေယံစိုး (၃၂) နှစ် ရဲဘော်၊ ဒုတပ်ကြပ် တင်ထွန်းဇော် (၄၅)နှစ် ဒုတပ်စိပ်မှူး၊ ဒုအရာခံဗိုလ် ဝင်းမင်းထွန်း (၄၂)နှစ် အထွေထွေ၊ တပ်ကြပ်ကြီး သက်နိုင် (၅၆)နှစ် စက်မောင်း၊ တပ်ကြပ် သက်ဦး (၄၃)နှစ် အထွေထွေ ၊ ဒုတပ်ကြပ် ဌေးလွင် (၅၀)နှစ် မွေးမြူရေး၊ တပ်သား စိုင်းအွန်ခမ်း (၂၉)နှစ် ရဲဘော်၊ တပ်သား ရဲမင်းနိုင် (၃၂)နှစ် ရဲဘော် တို့ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video: Royal Peacock Column-P 29913