ပုဏ္ဏားကျွန်းကို စစ်ကူလာသည့် သံချပ်ကာ ကားနှစ်စီးကို AA ဖျက်ဆီး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့သို့ စစ်တွေမြို့မှ စစ်ကူလာသော စစ်ကောင်စီတပ်ကို ရက္ခိုငိ့တပ်တော်က ကြားဖြတ်တိုက်ခိုက်ရာ သံချပ်ကာကားနှစ်စီး ပျက်စီးသွားကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၈)ရက် နေ့လယ်ပိုင်းက စစ်ကူလာသည့် အဆိုပါစစ်ကောင်စီစစ်ကြောင်းအား အမြင့်ကျွန်းတံတားထိပ်တွင် ရက္ခိုင့်တပ်တော်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သံချပ်ကာကား(၂)စီးကို အမြင့်ကျွန်းတံတား(မင်းချောင်းတံတား)ထိပ်တွင် ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဟု သိရသည်။

ပုဏ္ဏားကျွန်းမြို့တွင် AA အနေဖြင့် သိမ်းပိုက်ရန် တစ်ခုတည်းသာ ကျန်ရှိတော့သည့် ခမရ (၅၅၀)တပ်ရင်းတစ်ခုလုံးအား အလုံးစုံ သိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်ကို အရှိန်အဟုန်မြှင့်နေကြောင်း ရက္ခိုင့်တပ်တော်(AA)က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ခမရ(၅၅၀)တပ်ရင်း မကျရေးအတွက် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံကာကွယ်နေသော်လည်း ပုဏ္ဏားကျွန်းမြို့၌ တစ်ခုတည်းသာ ကျန်ရှိတော့သည့် ၎င်းတပ်အား အလုံးစုံသိမ်းပိုက်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၂)ရက်နေ့က ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ခမရ(၅၅၀)တပ်ရင်းကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေမြို့နှင့် (၂၁)မိုင်ဝေးပြီး ရန်ကုန်-စစ်တွေကားလမ်းမပေါ်တွင်ရှိကာ ပုဏ္ဏားကျွန်းမြို့ရှိ ခမရ (၅၅၀)တပ်ရင်းသည် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) လက်အောက်ခံ တပ်ရင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်တွင် စစ်ကောင်စီ၏  သံချပ်ကာနှင့် တင့်ကား(၂၃)စီးသိမ်းဆည်းရရှိခဲ့ပြီး ယင်းအနက် (၅)စီးမှာ မီးလောင်ပျက်စီးခဲ့ကာ ယခု ရခိုင်ဒေသတွင် မီးလောင်ပျက်စီးခဲ့သည့် (၂)စီးကို ထည့်ပေါင်းပါက သံချပ်ကာယာဉ် (၂၅)စီးအထိ ရှိလာပြီဖြစ်သည်။

#TachileikNewsAgency

Video : AA Info Desk