မုံးကိုးဒေသ နန်ကျွမ်းတိုက်ပွဲတွင် သိမ်းဆည်းရရှိခဲ့သည့် လက်နက်ခဲယမ်းများကို MNDAA ထုတ်ပြန် 

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးဒေသ နန်ကျွမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့် နန်ကျွမ်းပြည်သူ့စစ်များထံမှ သိမ်းဆည်းရရှိခဲ့သည့် လက်နက်ပစ္စည်းများကို The Kokangက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၁)ရက်နေ့တွင် ဖော်ပြလာသည်။

ပြီးခဲ့သည် အောက်တိုဘာလ (၂၉)ရက်နေ့က MNDAAနှင့် ‌ဒေသလုံခြုံရေးအဖွဲ့တို့ ပူးပေါင်းပြီး မုံးကိုးဒေသ မန်းယန်၊ ကွမ်ထန်၊ ပိုက်ဖိန်‌ပေါက်ပေါက်တောင်ကုန်း၊ ဖောင်းဆိုင်နှင့် ကွမ်းလွန် စသည့်နေရာများရှိ စစ်ကောင်စီတပ်ဖွဲ့၏ တပ်စခန်းများကို တိုက်ခိုက်သိမ်းယူခဲ့ခြင်းဖြစ်သည်။ 

ယင်းနေ့ ညနေပိုင်းတွင် မုံးကိုးဒေသရှိ စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် တပ်စခန်း (၁၂)ခုကို မဟာမိတ်တပ်များက သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်သည်။

ဖောင်းဆိုင်တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးတပ်ဆင်ထားသော သံချပ်ကာကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့သလို နန်ကျွမ်းဒေသရှိ  ချိန်ရှောက်လူပြည်သူ့စစ်တပ်ဖွဲ့မှ အင်အား (၃၀)ကျော်လည်း MNDAAထံ ပြန်လည်ဝင်ရောက်လာခဲ့သည်။

လက်ရှိတွင် ဖောင်းဆိုင်မြို့ကို မဟာမိတ်တပ်များက ထိန်းချုပ်ထားပြီဖြစ်ကြောင်း ယမန်နေ့ ညပိုင်းက ထုတ်ပြန်ထားသည်။

#TachileikNewsAgency