တောင်ငူလေတပ်  ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် တိုက်ခိုက်ခံရ

By Tachileik News Agency

ပဲခူးတိုင်း တောင်ငူမြို့ရှိ စစ်ကောင်စီ၏ လေတပ်ကို  ရှော့တိုက်ဒုံး(၁၀)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က ၂၀၂၄ ခုနှစ်၊ မေလ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးပူးပေါင်းအဖွဲ့က တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံး (၁၀) လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပြီး မတ်လ(၁၄)ရက်နေ့ကလည်း  ရှော့တိုက်ဒုံး (၅)လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများကို အတည်ပြုနိုင်ခြင်းမရှိပါ။

အဆိုပါ တိုက်ခိုက်မှုအား Brave Warriors for Myanmar (BWM) အဖွဲ့က Mountain Knights Civilian Defense Force (MKCDF) အဖွဲ့၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ (၃၁)ပါတီရဲဘော်များနှင့် ပူးပေါင်းတိုက်ခိုက်ခြင်း ဖြစ်သည်ဟု သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှုများကို အကြိမ်ရေ စိပ်စိပ်ပြုလုပ်လာသည့်အပြင် အရပ်သားနေရာများကိုပါ တိုက်ခိုက်မှုများ ရှိနေပြီး တော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီ၏ လေတပ်စခန်းများကို တိုက်ခိုက်လာကြသည်ကို တွေ့ရသည်။