မြောင်မြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

စစ်ကိုင်းတိုင်း မြောင်မြို့နယ် ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အား ၂၀၂၃ခုနှစ် ဇူလိုင်လ (၃၁)ရက်နေ့တွင် ဒေကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF ထံမှ သိရသည်။

ယင်းနေ့ နေ့လည်(၂)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့် မြောင်မြို့ပေါ်  ရဲစခန်းနှင့် မြောင်ထွေအုပ်ရုံးတို့အား စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ ညီနောင်မဟာမိတ် တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြောက်ကျားစနစ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု ဆိုသည်။ 

ယင်းနေ့ နံနက်ပိုင်းတွင်လည်း ကျောက်တန်းကျေးရွာ၌ (၃)ရက်ကြာ တပ်စွဲဝင်ရောက်ခဲ့သော စစ်ကောင်စီတပ်သားများကို ကျောက်တန်းရွာ အရှေ့ဘက်သို့ ပြန်ထွက်အလာ စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-MSPDFထုတ် ပဒေသာမိုင်း(၄)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မြောင်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့ကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDF၊ မြင်းခြံခရိုင်အမှတ် (၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအထူးတပ်ဖွဲ့-MSPDF