ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်၍ ဒေသခံ (၆၀)ကျော် တိမ်းရှောင်နေရ

ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်၍ ဒေသခံ (၆၀)ကျော် တိမ်းရှောင်နေရ
ဇူလိုင် 17, 2020
By Tachileik News Agency
ကျောက်မဲမြို့နယ်အတွင်း တပ်မတော်နှင့် RCSS  ထိတွေ့ပစ်ခတ်မှုထပ်ဖြစ်၍ ဒေသခံ (၆၀)ကျော် တိမ်းရှောင်နေရ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာနှင့် ပန်ကျန်ကျေးရွာအနီးတွင် ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၁၄) ရက်နှင့် (၁၅) ရက်နေ့တို့တွင် စစ်ဆေးရေးသွားရောက်သည့် တပ်မတော်နှင့် RCSS တို့ ထိတွေ့ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသခံ (၆၀) ကျော် စစ်ဘေး တိမ်းရှောင်နေရကြောင်း သိရသည်။

“အဓိက အများဆုံးကတော့ ဟဲကွီကျေးရွာအုပ်စုထဲက နမ့်ဟန်ခိတ် ကျေးရွာဒေသခံတွေပါ။ လောလောဆယ် (၆၀) ဦးကျော်ရှိတယ်။ နမ့်ဟန်ခိတ်ကျေးရွာရဲ့ ဘုန်းကြီးကျောင်းမှာ ရှောင်နေကြတယ်။ အစားအသောက်နဲ့ ကျန်တာတော့ လောလောဆယ် မပူပင်ရသေးဘူး။ နောက် (၂ )ရက်လောက် စောင့်ကြည့်ရဦးမယ်” ဟု စစ်ရှောင်များရှိရာသို့ သွားရောက်ကူညီပေးနေသည့် ကျောက်မဲပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ (၁၆) ရက်နေ့တွင် ပြောသည်။

ကျောက်မဲမြို့နယ်၊ ဟဲကွီကျေးရွာအုပ်စု ပန်ကျန်ကျေးရွာအတွင်း ဇွန်လ (၂၈) ရက်နေ့က ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် RCSS တို့၏ တိုက်ပွဲအကြား တပ်မတော်ဘက်က အနီးကပ် ပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန်  တောင်းဆိုမှုများကြောင့် တပ်မတော်ဘက်မှ အရာရှိနှင့်စစ်သည်များပါဝင်သည့်အဖွဲ့က ဇူလိုင်လ (၁၄)ရက်နေ့၌ ကွင်းဆင်းစစ်ဆေးရန် သွားရောက်စဉ် (၁၄)ရက်နှင့် (၁၅)ရက် နှစ်ရက်တာ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရသည်။

“အရင်လက ( ဇွန် ၂၈၊ ၂၉ ) နောင်ပိန်ကို စစ်ရှောင်လာကြတဲ့ ကျေးရွာပေါင်း (၁၀) ခုလောက်က အခုဖြစ်တဲ့နေရာမှာ ပိတ်မိနေတာ။ လမ်းကြောင်းပွင့်ရင် သွားခေါ်ဖို့ အတွက် အသင်းကားတွေကိုတော့ အဆင်သင့် ပြင်ထားပါတယ်” ဟု နောင်ပိန်ရှိ ကမ်းလင့်လက်များ လူမှုကူညီရေး အသင်းမှ ကိုစိုင်းနေအောင် က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲမြို့နယ် ဟဲကွီ နှင့် ပန်ကျန်ကျေးရွာအနီး ဇွန်လ (၂၈) ရက်နေ့က  ဖြစ်ပွားခဲ့သည့်  ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးပေးရန် ကျောက်မဲရှိ လွှတ်တော်ကိုယ်စားလှယ် (၄) ဦးက စုပေါင်းပြီး လူ့အခွင့်အရေးကော်မရှင်ထံ မေတ္တာရပ်ခံလွှာပေးပို့ထားပြီးနောက် ဒေသခံများ ပါဝင်သည့်အဖွဲ့က ခွင့်ပြုချက်မရဘဲ ဇူလိုင်လ (၁၀) ရက်နေ့တွင် ကျောက်မဲမြို့၌ ဆန္ဒဖေါ်ထုတ်ခဲ့ကြပြီး ဖြစ်သည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်
ဓာတ်ပုံ - Nang Mya Han


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~