ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲကြောင့် ကျေးရွာတွင်းနေအိမ်များသို့ ကျည်ထိမှန်၍ ဒေသခံများ စိုးရိမ်နေ

ကျောက်မဲမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချင်းချင်း တိုက်ပွဲကြောင့် ကျေးရွာတွင်းနေအိမ်များသို့ ကျည်ထိမှန်၍ ဒေသခံများ စိုးရိမ်နေ
အောက်တိုဘာ 27, 2021 | နိုင်ငံရေး| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ၊ ကျောက်မဲမြို့နယ်အတွင်း ကြူရှော(မြောက်)ကျေးရွာဝန်းကျင်တွင် ဖြစ်ပွားနေသည့် တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းတိုက်ပွဲကြောင့် ကျေးရွာအတွင်းသို့ လက်နက်ငယ်ကျည်များကျရောက်ပြီး နေအိမ်အမိုးများ ထိမှန်သည့်အတွက် ဒေသခံများက စိုးရိမ်ထိတ်လန့်နေကြကြောင်း သိရသည်။

၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့ နံနက် (၃)နာရီဝန်းကျင်အချိန်ကစ၍   ကြူရှော(မြောက်)ကျေးရွာ အနီးတွင် ပစ်ခတ်သံများကိုကြားနေရခြင်းဖြစ်ပြီး နံနက် (၈) နာရီ ဝန်းကျင်ခန့်တွင် ကျေးရွာအတွင်းရှိ နေအိမ်အချို့ပေါ်သို့ လက်နက်ငယ် ကျည်ဆံများကျရောက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

အောက်တိုဘာလ ( ၂၂ )ရက်နေ့ ကစတင်၍ ကျောက်မဲမြို့နယ် ပန်ဟုန်းကျေးရွာ၊ ပန်ဖြတ်ကျေးရွာများနှင့် အနီးတစ်ဝိုက်တွင် TNLA တပ်ပေါင်းစု နှင့် RCSS  တို့ ထိတွေ့တိုက်ပွဲများ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး နေ့စဉ် လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများကို အနီးနားရှိကျေးရွာများမှပင် ကြားနေရခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲဖြစ်ပွားနေရာနှင့် အနီးဆုံးရှိ ကျေးရွာများအတွင်းတွင်လည်း RCSS စစ်သားများက ဖြတ်သန်းသွားလာမှုများ ပြုလုပ်နေကြသည့်အတွက် ကျေးရွာအတွင်းထိ တိုက်ပွဲများ လိုက်လံဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်နေရပြီး ယခင်ကတည်းက စစ်ဘေးရှောင်နေကြရသည့် ဒေသခံများမှာလဲ လက်ရှိအချိန်ထိ နေရပ်ကျေးရွာများသို့ မပြန်နိုင်သေးဘဲ အခြားကျေးရွာများနှင့် ကျောက်မဲမြို့ပေါ်ရပ်ကွက်များ၌ နေထိုင်နေကြရဆဲဖြစ်ကြောင်း သိရသည်။