တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀) ကို ခြံစည်းရိုးခတ်မှု တောင်သူများက ဒုတိယအကြိမ် ဟန့်တား

တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀) ကို ခြံစည်းရိုးခတ်မှု တောင်သူများက ဒုတိယအကြိမ် ဟန့်တား
နိုဝင်ဘာ 17, 2019
By 🌸


တာချီလိတ်တွင် ဟုန်ပန်းကုမ္ပဏီက မြေဧက (၁၀၀) ကို ခြံစည်းရိုးခတ်မှု တောင်သူများက ဒုတိယအကြိမ် ဟန့်တား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟုန်ပန်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားသည့် မြေနေရာ၌ ခြံစည်းရိုးခတ်နေ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက်ပိုင်းတွင် တောင်သူများက ဒုတိယအကြိမ် ဟန့်တားမှုဖြစ်ပွားသည်။

ယင်းကဲ့သို့ ဟန့်တားခြင်းနှင့်ပတ်သက်၍ တောင်သူများ၊ ကုမ္ပဏီမှ တာဝန်ရှိသူနှင့် ခေတ္တ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းတို့  နေ့လယ်ပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ တွေ့ဆုံညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

" ကျွန်တော်တို့ ပြောချင်တာက (၉၉) ခုနှစ်ကတည်းက လုပ်ပိုင်ခွင့်ရခဲ့တာဆိုတော့ နှစ် (၂၀) ရှိပြီ။ အဲဒီတုန်းက ဘာလို့မလုပ်ခဲ့ဘဲနဲ့ အခုမှထလုပ်တာလဲ။ လယ်သမားတွေနဲ့ ပြေလည်အောင် မဖြေရှင်းဘဲနဲ့ ခြံစည်းရိုးခတ်ရင်တော့ ဒီပြဿနာတွေဖြစ်နေဦးမှာပဲ"ဟု အစည်းအဝေး တက်ရောက်လာသည့် တောင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက် စက်မှုဇုန် - ဝမ်ပုံသွားလမ်း ဦးထွန်းအောင်တိုးဂိတ်အနီးရှိ မြေဧက (၁၀၀) ကျော်ကို ဟုန်ပန်းကုမ္ပဏီက ၁၉၉၉ ခုနှစ်၊ သြဂုတ် (၁၉) ရက်နေ့တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ မြေပေးမိန့်အမှတ် (၉၉/၉၉) ဖြင့် ရရှိထားခဲ့ခြင်းဖြစ်ပြီး အဆိုပါမြေတွင် လုပ်ငန်းများဆက်လက်လုပ်ကိုင်ခွင့်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၂)ရက်နေ့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စာအမှတ် ၁၂၇၆၉/ ၇-၂၁၆/ အစရ(ရှမ်း)ဖြင့် ခွင့်ပြုထားခြင်းဖြစ်သည်ဟု သိရသည်။

ဟုန်ပန်းကုမ္ပဏီက ခွင့်ပြုချက်ရမြေပေါ်တွင် ခြံစည်းရိုးခတ်ရာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့ ညနေပိုင်းတွင် တောင်သူများက ပထမအကြိမ် ကန့်ကွက်သဖြင့် ကုမ္ပဏီအနေဖြင့် ခြံစည်းရိုးခတ်ခြင်းအား ရပ်ဆိုင်းထားရန် သက်ဆိုင်ရာတာဝန်ရှိသူများက ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။
"ကျွန်တော်တို့ အောက်တိုဘာ (၂၆) ရက်နေ့မှာ ခြံစည်းရိုးကာရံတာကို ခေတ္တရပ်ထားတယ်။ ဒီနေ့ ခြံစည်းရိုးခတ်တဲ့အချိန်မှာ တောင်သူတွေဘက်က လူ (၃၀) လောက်လာတားတယ်။ ကျွန်တော်ရှင်းပြတယ်။ သက်ဆိုင်ရာ ဌာနဆိုင်ရာတွေကို အသိပေးပြီးမှ ကျွန်တော်တို့ လုပ်တာပါ။ ခြံစည်းရိုးခတ်တဲ့နေရာမှာလည်း သူတို့ (၃၃) ဧကကို ချန်ပြီးတော့မှ ကျွန်တော်တို့ခတ်တယ်။ ကျွန်တော်တို့ဖျက်ခံရတာ (၃) ကြိမ်ရှိပြီ။ ကျွန်တော်တို့ဘက်က ဒီနေ့ဖြစ်တဲ့ကိစ္စကို ဥပဒေကြောင်းအရ ဖြေရှင်းသွားဖို့ရှိပါတယ်။ ဒီဘက်မှာလည်း ဌာနဆိုင်ရာတွေနဲ့ စေ့စပ်ညှိနှိုင်းသွားဖို့ရှိပါတယ်"ဟု ဟုန်ပန်းကုမ္ပဏီမှ အထွေထွေလုပ်ပိုင်ခွင့်လွှဲအပ်ခံထားရသူ ဦးဖုန်းနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါခွင့်ပြုချက်ရမြေပေါ်တွင် ရော်ဘာသန့်စင်စက်ရုံ၊ မဂ္ဂနီးစ်သတ္တုသန့်စင်စက်ရုံနှင့် ဝန်ထမ်းအိမ်ယာများ အကောင်အထည်ဖော်မည့် စီမံကိန်းအတွက် ခြံစည်းရိုးကာရံခွင့်ကို အစိုးရအဖွဲ့၏ ခွင့်ပြုစာ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံစာ၊ ခရိုင်နှင့် မြို့နယ်အဆင့်ထောက်ခံများနှင့်အတူ တင်ပြလာ၍ ခွင့်ပြုထားခြင်းဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးဌာန တာဝန်ရှိသူက အောက်တိုဘာလအတွင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဖြေကြားထားသည်။

ဟုန်ပန်းကုမ္ပဏီက လုပ်ကိုင်ခွင့်ရမြေနေရာတွင် တောင်သူများ စိုက်ပျိုးနေသည့် စိုက်ဧကများရှိနေသဖြင့် ကုမ္ပဏီဘက်က ပေးသည့် မြေယာလျော်ကြေးနှင့် တောင်သူများ ရလိုသည့် မြေယာလျော်ကြေး ညှိနှိုင်းနိုင်ခြင်းမရှိသေးသဖြင့် တောင်သူများက ကန့်ကွက်နေခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့ပေးတဲ့ သိန်း (၁၅၀) ဆိုတာ ဘတ် (၃) သိန်းပဲရှိတယ်။ အဲဒီငွေနဲ့ လယ်ပြန်ဝယ်လို့မရဘူး”ဟု တောင်သူတစ်ဦးက ပြောသည်။

ကုမ္ပဏီကို လုပ်ပိုင်ခွင့်ချထားပေးသည့် မြေနေရာတွင် လက်ရှိအချိန်ထိ စိုက်ပျိုးလုပ်ကိုင်နေသည့် တောင်သူ (၁၈) ဦး၏ စိုက်ဧက (၃၃) ဧကအတွက် ကုမ္ပဏီက တစ်ဧကလျှင် မြေယာလျော်ကြေးအဖြစ် ကျပ်သိန်း (၁၅၀) ပေးချေရန် ကမ်းလှမ်းထားပြီး တောင်သူများက တစ်ဧက ဘတ် (၂၀) သိန်း (ကျပ်သိန်း ၁၀၀၀)နှင့် ဘတ်သိန်း (၃၀) (ကျပ်သိန်း ၁၅၀၀) ကြား မြေယာလျော်ကြေးတောင်းဆိုထားခြင်းဖြစ်သည်။

ကုမ္ပဏီအနေဖြင့် တောင်သူများလက်ရှိလုပ်ကိုင်နေသည့် လယ်မြေ (၃၃) ဧကကိုချန်လှပ်ပြီး ခြံစည်းရိုး ကာရံလိုသော်လည်း တောင်သူများက ညှိနှိုင်းမှုပြေလည်မှ ခြံစည်းရိုးခတ်ရန် နိုဝင်ဘာလ (၁၇)ရက်နေ့ ညှိနှိုင်းမှုအတွင်း ဆွေးနွေးခဲ့ကြသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

ဆက်စပ်သတင်းများ
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net