တာချီလိတ်မြို့တွင် ဒီဇင်ဘာလူထုလမ်းလျှောက် အားကစားလှုပ်ရှားမှု စတင်

တာချီလိတ်မြို့တွင် ဒီဇင်ဘာလူထုလမ်းလျှောက် အားကစားလှုပ်ရှားမှု စတင်
နိုဝင်ဘာ 30, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် စတင်လိုက်သည့် ဒီဇင်ဘာလူထုလမ်းလျှောက်အားကစားလှုပ်ရှားမှုကို လူဦးရေ အမြောက်အများ ပူးပေါင်းပါဝင်ကြသည်။

ဒီဇင်ဘာလူထုလမ်းလျှောက်အားကစားလှုပ်ရှားမှုအဖြစ် အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်မည်ဖြစ်ပြီး မြို့နယ်စုပေါင်းရုံးရှေ့မှ နံနက် (၅) နာရီခွဲမှစတင်ကာ တာချီလိတ်မြို့အားကစားဝင်းအထိ စုပေါင်းလမ်းလျှောက်ကာ အားကစားဝင်းအတွင်း စုပေါင်းကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

လမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တာချီလိတ်ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ တာချီလိတ်ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွဋ် နှင့် ခရိုင်/မြို့နယ် ဝန်ထမ်းများ၊ တာချီလိတ်မြို့နယ်ခေတ္တအုပ်ချုပ်ရေးမှူး ဦးကျော်စွာမင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာချီလိတ်မြို့လူထုတို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။

တာချီလိတ်မြို့တွင် စုပေါင်းလမ်းလျှောက်ခြင်းကို နိုဝင်ဘာလ (၃၀)ရက်နေ့၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ ဒီဇင်ဘာလ (၁၄)ရက်နေ့၊ ဒီဇင်ဘာလ (၂၁)ရက်နေ့နှင့် ဒီဇင်ဘာလ (၂၈)ရက်နေ့တို့၌ ပြုလုပ်ကြမည်ဖြစ်ရာ အများပြည်သူ ကိုယ်လက်လှုပ်ရှားမှုအဖြစ် ပူးပေါင်းပါဝင်နိုင်ကြမည်ဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း လူထုလမ်းလျှောက်အားကစားကို ကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ်များနှင့်အတူ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်မှစ၍ မြို့နယ်များအလိုက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်စီစဉ်မှုဖြင့် ဒီဇင်ဘာလကုန်ထိ လုပ်ဆောင်သွားရန် စီစဉ်ထားခြင်းဖြစ်သည်။

ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှုအဖြစ် ယခင်နှစ်များက ဒီဇင်ဘာလ၏ စနေနေ့တိုင်း လမ်းလျှောက်အားကစား လုပ်ဆောင်ခြင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ်တွင် စနေနေ့တိုင်း လမ်းလျှောက်ပြီးချိန်၌ ကိုယ်လက်လှုပ်ရှား အားကစားများ ဆက်လက်လုပ်ဆောင်ခြင်းအပြင် မြို့နယ်များအားလုံးတွင် ကျင်းပနိုင်ရေးအတွက် အချို့မြို့များ၌ တနင်္ဂနွေနေ့တွင် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အတွင်း မြို့နယ်ပေါင်း (၅၅)မြို့နယ်ရှိသည့်အနက် အားကစားနှင့် ကာယပညာဦးစီးဌာန အားကစားမှူးရှိသည့် မြို့နယ် (၄၅) ခုတွင် သက်ဆိုင်ရာ အားကစားမှူးများက ဦးဆောင်စီစဉ်ရမည်ဖြစ်ပြီး အားကစားမှူးမရှိသည့် မြို့နယ် (၁၀) ခုတွင် မြို့နယ်အုပ်ချုပ်ရေးမှူးများက ဦးဆောင်စီစဉ်ရမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ဟန်စိုးထိုက်




~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~