စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လေသံပစ်

စစ်ကောင်စီက မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လေသံပစ်

ကချင်ဒေသတွင် တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ရေးအခြေအနေမကောင်းတော့သည့် စစ်ကောင်စီမှ ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ဖွဲ့စည်းကာ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရန် လေသံပစ်လာသည်။

စစ်ကောင်စီဘက်မှ ၂၀၂၄ ခုနှစ် မေလ (၁၇)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် အမိန့်ကြေညာစာတွင် ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း အဖွဲ့ခေါင်းဆောင်အဖြစ် စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ဦးဆောင်ပြီး ၊ စစ်ကောင်စီ၏ ကချင်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးမှ ဒုတိယခေါင်းဆောင်အဖြစ်ပါဝင်သည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် တရုတ်အစိုးရပိုင် SPIC Yunnan International Power Investment Co.,Ltd (SOICYN) အဖွဲ့၏ ဦးဆောင်မှုနှင့်အတူပူးပေါင်း၍ ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေးလုပ်ငန်းများကို စီမံဆောင်ရွက်ရန်တို့ပါဝင်သည်။

ထို့အပြင် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရများအကြား စီမံကိန်းကိစ္စများ ညှိနိူင်းဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုနိုင်ရေး ဆောင်ရွက်ရန်စသည့် စစ်ကောင်စီဖြစ်ချင်သည့် အကြောင်းအရာများပါဝင်နေသည်။

စစ်ကောင်စီ၏ မြစ်ဆုံစီမံကိန်းပြန်လည်လုပ်ဆောင်ရန် တရုတ်နှင့်ညှိနိူင်းဆောင်ရွက်ရန် ကြိုးပမ်းလာခြင်းအပေါ် စစ်ကောင်စီအနေဖြင့် မဖြစ်နိုင်မှန်းသိသိနှင့် တမင်အမြင်ရှုပ်အောင် တရုတ်ပြည်ကို ဆွဲကစားခြင်းသာဖြစ်ကြောင်း ကချင်သတင်းရင်းမြစ်မှ မှတ်ချက်ပြုသည်။

ဧရာဝတီမြစ်ဆုံစီမံကိန်းကို ၂၀၀၉ ခုနှစ် စစ်အစိုးရလက်ထက်တွင် စတင်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဦးသိန်းစိန်အစိုးရ တက်လာချိန်တွင် လူထုကန့်ကွက်မှုများပေါ်ပေါက်လာပြီးနောက် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့သည်။

၂၀၁၆ ခုနှစ် မတ်လကုန်တွင် NLD အစိုးရတာဝန်လွဲပြောင်းယူခဲ့ပြီးနောက် မြစ်ဆုံစီမံကိန်းပြန်လည်စတင်ရန် တရုတ်နိုင်ငံက ပြန်လည်လှုပ်ရှားစည်းရုံးခဲ့သော်လည်း စီမံကိန်းအနာဂတ်မှာ မရေရာမသေချာသာရှိနေခဲ့ပြီးနောက် ယခု အာဏာသိမ်းစစ်ကောင်စီမှ စီမံကိန်းပြန်လည်စတင်ရန် လေသံပစ်လာခြင်းဖြစ်သည်။

ဧရာဝတီ မြစ်ဆုံနှင့် မြစ်ညာ၊ မြစ်ဝှမ်း‌ဒေသတွင် ဆည်တည်ဆောက်ခြင်းသည် နိုင်ငံ၏ အသက်သွေးကြောကို ပိတ်ဆို့လိုက်သကဲ့သို့ဖြစ်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး၊ ဆုံးရှုံးမှုတို့အပြင် မြစ်ကို အမှီပြုထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေး စသည့် စီးပွားရေးအသိုက်အအုံကိုပါ ထိခိုက်ဆုံးရှုံးမည်ဖြစ်ကြောင်း ISP Myanmar၏ မြစ်ဆုံနှင့်ပက်သက်သည့် လေ့လာသုံသပ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

#TachileikNewsAgency