မုံရွာခရိုင်အတွင်း ကြေးနီသယ်ဆောင်သည့်ကားများဖြတ်သန်းရန် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်

မုံရွာခရိုင်အတွင်း ကြေးနီသယ်ဆောင်သည့်ကားများဖြတ်သန်းရန် မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်သားများကို ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်အတွင်း ကြေးနီသယ်ဆောင်သည့်ကားများဖြတ်သန်းရန် လမ်းကင်းယူ၍ မိုင်းရှင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ကြောင်း BRAVE HEART ARMY–BHA အဖွဲ့မှ သတင်းထုတ်ပြန်သည်။

မုံရွာခရိုင် ချောင်းဦးမြို့နယ်အတွင်းရှိ ကြေးနီလုပ်ငန်းခွင်များမှ ကြေးနီသယ်ဆောင်လာသည့် ကားများဖြတ်သန်းရန် လမ်းကင်းယူ၍ မိုင်းရှင်းပေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦးကို ၂၀၂၄ခုနှစ် မေလ (၂၁)ရက်နေ့တွင် အသင့်စောင့်ကြိုတိုက်ခိုက်ခဲ့ကြောင်း BRAVE HEART ARMY –BHA အဖွဲ့မှ သတင်းထုတ်ပြန်သည်။

အနီးကပ် အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး မျက်မြင်သေဆုံးခဲ့ပြီး တစ်ဦးထွက်ပြေးလွတ်မြောက်သွားခဲ့ကာ BRAVE HEART ARMY–BHA အဖွဲ့မှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးထံမှ MA 11 သေနတ် (၂)လက်၊ ကျည်ဘောက် (၃)ခု၊ လက်ပစ်ဗုံး (၁)လုံး၊ 5.56 ကျည် (၄၀) တောင့် နှင့် ဦးထုပ် (၂)လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

Mission ဖော်ဆောင်ရန် သေနတ်အနည်းငယ်သာရှိသဖြင့် ယခုတိုက်ခိုက်မှုကို တခြားအဖွဲ့များမှ သေနတ်ငှားရမ်းအသုံးပြုခဲ့ရပြီး ၊ လက်နက်ခဲယမ်းလိုအပ်ချက်များရှိနေကြောင်း BRAVE HEART ARMY –BHA အဖွဲ့မှ ဆိုသည်။

စစ်ကိုင်းတိုင်း ချောင်းဦး-မုံရွာ လမ်းပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များမှ စစ်ကောင်စီယာဉ်တန်းများကို အခွင့်အရေးရသလို ပြောက်ကျားတိုက်ခိုက်ခြင်း၊ မိုင်းဆွဲခြင်းများ ပြုလုပ်လျှက်ရှိကာ ယခုတစ်ကြိမ်တိုက်ခိုက်မှုသည် မေလအတွင်း (၅)ကြိမ်မြောက်တိုက်ခိုက်ခြင်း ဖြစ်သည်။

#TachileikNewsAgency