တကောင်းမြို့တွင် စစ်ကောင်စီတပ်သားများ ဓားပြတိုက်ကာ ငွေကျပ်သိန်း ၁၀၀ နှင့် ရွှေများယူသွား

တကောင်းမြို့တွင် စစ်ကောင်စီတပ်သားများ ဓားပြတိုက်ကာ ငွေကျပ်သိန်း ၁၀၀ နှင့် ရွှေများယူသွား

မန္တလေးတိုင်း တကောင်းမြို့ရှိ ကုန်စုံဆိုင်တစ်ဆိုင်ကို စစ်ကောင်စီတပ်သား(၅)ဦးက PDF အယောင်ဆောင်ကာ ငွေကျပ်သိန်း(၁၀၀)နှင့် ရွှေများကို ဓားပြတိုက်ယူသွားကြောင်း သိရသည်။

တကောင်းမြို့ ဦးတိုက်ဘုရားအနီးရှိ ဦးမြင့်ကျော်နှင့် ဒေါ်ဝင်းတို့ပိုင်ဆိုင်သော မိုးမခ ကုန်စုံဆိုင်ကို ၂၀၂၄ ခုနှစ် မေလ (၂၀)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်သား (၅)ဦးသည် PDFများ ကင်းပတ်ပြီး ဝင်ခဲ့သည်ဟုပြောဆို၍ ဓားဖြင့်ထောက်ကာ ဓားပြတိုက်သွားခြင်းဖြစ်သည်ဟု သိရသည်။

"ဓားပြဝင်တိုင်တော့ သေနတ်တော့မပါဘူး။ ဓားတွေနဲ့ချည်းပဲ။ PDF တွေက ကင်းပတ်လာတယ်ဆိုပြီးတော့ အဲဒီအိမ်ကိုဝင်ပြီးတော့ သူတို့မိသားစုကို ဓားနဲ့ထောက်ပြီးတော့ ဓားပြတိုက်သွားတာ။"ဟု တကောင်း ပကဖ မှ တာဝန်ခံ ကိုကျားပေါက်က Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီတပ်သားများသည် အရပ်ဝတ်များဝတ်ဆင်ကာ မျက်နှာများကိုအုပ်ပြီး ဓားပြဝင်တိုက်ခဲ့ကြခြင်းဖြစ်ပြီး စစ်ကောင်စီတပ်များ အထိုင်ချထားသည့်နေရာဖြစ်သည့် ဆေးရုံ၊ လေးမျက်နှာဘုရားနှင့် နီးသည်ဟု ဆိုသည်။ 

"ဓားပြတိုက်ခိုက်ရတဲ့နေရာနဲ့ စစ်ကောင်စီတပ်တွေ အထိုင်ချထားတဲ့နေရာက မဝေးဘူးဗျ။ ဆိုင်ကယ်နဲ့ဆို အလွန်ဆုံး (၅)မိနစ်တောင်မကြာဘူးဗျ။ အခုက ပျူစောထီးတွေကလည်း စကစတွေနဲ့ဘဲ ရောပြီးနေတာ။"ဟု ကိုကျားပေါက်ကဆက်ပြောသည်။

ယခုနှစ် မေလအတွင်းတွင်ပင် တကောင်းမြို့နယ်အတွင်း၌ ဓားပြမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး တစ်ကြိမ်တွင် ဓားပြများက သေနတ်များအသုံးပြုခဲ့ကြောင်း သိရသည်။

"အရင်နှစ်ကြိမ်ကတော့ အခုလောက် ရွှေ၊ ငွေ မပါသွားဘူး။ နည်းတယ်ပေါ့နော်။ အခုလိုပဲ PDF က ဝင်တိုက်သလိုလိုနဲ့ လုပ်သွားကြတာ။ ပထမတစ်ကြိမ် ညပိုင်းလာတိုက်တော့ ပိုက်ဆံတွေယူသွားလို့ မျက်နှာမြင်လိုက်တာ။ လေးမျက်နှာမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်သားဗျ။"ဟု ဒေသခံတစ်ဦးက ‌ဆက်ပြောသည်။

တကောင်းမြို့တွင် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ဘုန်းကြီးကျောင်း၊ ဆေးရုံ၊ ရဲစခန်းနှင့် ၎င်းတို့အထိုင်ချရာ နေရာများ၌ တပ်စွဲထားခြင်းဖြစ်သည်ဟု သိရသည်။ 

"အခုလို ပကဖတွေအပေါ် စွပ်စွဲနေတာကိုတော့ ကျွန်တော်တို့က လက်သင့်မခံဘူးဗျ။ ကြာလာရင် ပြည်သူတွေက ပကဖတွေအပေါ် အမြင်စောင်းလာမှာစိုးရိမ်ရတယ်ဗျ။"ဟု တကောင်း ပကဖ မှ တာဝန်ခံ ကိုကျားပေါက်ကပြောသည်။

တကောင်းမြို့အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးတိုးမြှင့်ထားသဖြင့် အရပ်သားများအနေဖြင့် ဓားပြတိုက်ရန်မဖြစ်နိုင်ဟု ဒေသခံများက ပြောဆိုကြသည်။

#TachileikNewsAgency