သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းနှင့် ထင်းရှူးရဲစခန်းတို့အား ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ အနင်းရဲစခန်းအား ၂၀၂၄ခုနှစ် ဧပြီလ (၈)ရက်နေ့တွင် တပ်မဟာ ၆၊ KNLA (တပ်ရင်း-၂၇)မှ ဦးဆောင်သော တောင်ညိုစစ်ကြောင်း ဒရုန်းတပ်ဖွဲ့မှ နေ့လယ်ပိုင်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ  တပ်သားတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ညိုစစ်ကြောင်းမှ ထုတ်ပြန်သည်။

ထို့ပြင် ဧပြီလ (၁၀)ရက်နေ့ နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့နယ် ထင်းရှူးရဲစခန်းအား တောင်ညိုစစ်ကြောင်းမှ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရဲစခန်းအဆောင်တစ်ခု မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများတွင် တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဧပြီလ (၂)ရက်နေ့ကလည်း အဆိုပါ အနင်းကျေးရွာရဲစခန်းနှင့် ထင်းရှူးကျေးရွာရဲစခန်းတို့အား တောင်ညိုစစ်ကြောင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့်ဗုံးကြဲခြင်း၊ ပြောက်ကျားစစ်ဆင်ရေး ပြုလုပ်ခဲ့ခြင်းတို့ကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်းသိရသည်။

တပ်မဟာ ၆၊ KNLA (တပ်ရင်း ၂၇)၏ ဦးဆောင်မှုအောက်တွင် တောင်ညိုစစ်ကြောင်းအနေဖြင့် အခြား မဟာမိတ်တပ်ဖွဲ့များနှင့် လက်တွဲ၍ ဘုံရန်သူအား ညီညွတ်စွာ တိုက်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#TachileikNewsAgency

Photo: Taung Nyo Column - P29906 (ပုံဟောင်းများဖြစ်ပါသည်)